မိုင်းဆတ်မြို့၌ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

မိုင်းဆတ် ဒီဇင်ဘာ ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီထွေးက မဲစာရင်းကြေညာပြီးစီးမှုနှင့် တတိယအကြိမ် မဲစာရင်းကြေညာမည့်ကိစ္စ၊ မဲစာရင်းမှန်ကန်ရေး မြေပြင်ကွင်းဆင်းကောက်ယူပြီးစီးမှု၊ ဖုန်းလိုင်းမရသည့် မဲရုံ (၈)ရုံအား ဆက်သွယ်မှုရရှိရေး ကြိုတင်ပြင်ဆင်ထားရှိမှု၊ မဲပေးစက်များ စနစ်တကျသယ်ယူရေးနှင့် မဲပေးစက်လုံခြုံရေး၊ မဲရုံအဖွဲ့ဝင်များ နေထိုင်စားသောက်ရေးနှင့် ပါတီကြော်ငြာဆိုင်းဘုတ်များ သတ်မှတ်ချက်နှင့်အညီ ဖြုတ်သိမ်းရေးတို့နှင့်ပတ်သက်၍  ပြောကြားသည်။

ထို့နောက် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းဌေး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအားလွန်၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အတွင်းရေးမှူး ဦးမောင်ချိုနှင့် နယ်မြေခံတပ်နယ်မှ ဒုတိယဗိုလ်မှူးကြီးသန့်ဇင်တို့က တတိယအကြိမ် မဲစာရင်းအချိန်မီ ကြေညာပေးနိုင်ရေး၊ မဲပေးစက်များလုံခြုံရေး၊ မဲရုံများ စနစ်တကျပြင်ဆင်ရေး၊ ရွေးကောက်ပွဲနေ့ ဆက်သွယ်မှုမပြတ်တောက်စေရေး၊ ရွေးကောက်ပွဲအပြီး မဲပေးစက်များ စနစ်တကျ ပြန်လည်ပို့ဆောင်ပေးနိုင်ရေးတို့နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ရပ်ကွက်/ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့၏ တင်ပြချက်များအပေါ် ပြန်လည်ညှိနှိုင်း ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)