ညောင်ဦး ဒီဇင်ဘာ ၂၂
ဒီဇင်ဘာခရစ္စမတ်ရုံးပိတ်ရက်တွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အထင်ကရသမိုင်းဝင် ဘုရား၊ ပုထိုး၊ သာသနိကအဆောက်အအုံများတွင် ပြည်တွင်းဘုရားဖူးဧည့်သည်များ အလွန်များပြားစွာ လာရောက်လျက်ရှိကြောင်း ထီးလိုမင်းလိုဘုရား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးတင်လှဦးထံက သိရသည်။
ဒီဇင်ဘာကျောင်းပိတ်ရက်အတွင်း သမိုင်းဝင်စေတီပုထိုးများဖြစ်သည့် ပုဂံ-ညောင်ဦးဘက်ခြမ်းရှိ စွယ်တော်သုံးဆူ၊ မဟာငှက်ပစ်တောင်စေတီ၊ ထီးလိုမင်းလိုဘုရား၊ အာနန္ဒာဘုရား၊ မဟာဗောဓိဘုရား၊ ဗူးဘုရား၊ ကန်တော့ပလ္လင်ဘုရား၊ ခေမင်္ဂဘုရားဝင်း၊ သကြားပုန်းဘုရား၊ ရွှေလိပ်တူးဘုရား၊ သဗ္ဗညုဘုရား၊ ငကျွဲနားဋောင်းဘုရား၊ ပုထိုးသားများဘုရား၊ ဆင်များရှင်ဘုရား၊ မနုဟာဘုရား၊ ဓမ္မရာဇကဘုရား၊ ရှင်အဇ္ဇဂေါဏဘုရား၊ ဓမ္မကြီးနှင့်စူဠာမဏိဘုရားများတွင် ကားထားသည့်နေရာ အခက်အခဲဖြစ်သည်အထိ လာရောက်လည်ပတ်သည့် ပြည်တွင်းခရီးသွား ဘုရားဖူးဧည့်သည်များ များပြားလျက်ရှိကြောင်း သိရသည်။
ပွဲတော်အချိန်ခါမဟုတ်သည့် (အခါကြီးရက်ကြီး) အချိန်မှာပင် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေသည် ပြည်တွင်းပြည်ပခရီးသွား အဆက်မပြတ်သည့် မြို့ဖြစ်ကာ သီတင်းကျွတ်ရုံးပိတ်ရက်၊ တန်ဆောင်တိုင်ရုံးပိတ်ရက်၊ ဒီဇင်ဘာရုံးပိတ်ရက်/ ကျောင်းပိတ်ရက်များတွင် ပုဂံဒေသ၏ အလွန်ရှေးကျပြီး ပကတိအတိုင်းရှိနေသေးသည့် ဘုရား၊ ပုထိုး၊ သာသနိကအဆောက်အအုံများ ယနေ့တိုင်ရှိနေခြင်း၊ အုတ်ရိုး၊နန်းမြို့ရိုး၊ အုတ်ပုံများနှင့် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း နေရာစိပ်စိပ်နှင့် လက်ညှိုးထိုးမလွှဲ တစ်နေရာနှင့်တစ်နေရာ မဝေးကွာဘဲတဆက်တစပ်ထဲ ဘုရားပုထိုးများ ဖူးမြော်နိုင်ခြင်းက ပြည်တွင်းပြည်ပခရီးသွားများကို အလွန်ပင်စွဲဆောင်လှကြောင်း ပုဂံဒေသ ဘယ်နှစ်ခေါက်ရောက်ရောက် ထပ်ထပ်ကာလာချင်စိတ်ဖြစ်စေကြောင်း ရန်ကုန်မြို့မှ အဖွဲ့လိုက်ဘုရားဖူးလာရောက်ကြသည့် မရီရီလွင်က ပုဂံဒေသအကြောင်းပြောပြကာ ဘုရားဖူးများ၊ ခရီးသွားပြည် တွင်း ပြည်ပခရီးသွားများ အမြဲတမ်းမပြတ်ရှိနေခြင်းက ပုဂံ-ညောင်ဦး ရှေးဟောင်းနယ်မြေအား တန်ဖိုးထားလို့သာ ထပ်ကာထပ်ကာ လာရောက်ကြကြောင်း၊ လားရှိုးမြို့မှ လာရောက်သည့် ဒေါ်နန်းအိလှိုင်က ပြောကြား၍ သိရသည်။
ဒီပါလင်း