မြန်မာ-တရုတ် နယ်စပ်ဂိတ်ဖြစ်သည့် မူဆယ်မန့်ဝိန်းဂိတ်အား (၂၄) နာရီဖွင့်လှစ်တော့မည်

မူဆယ်  ဇန်နဝါရီ  ၃

မြန်မာနိုင်ငံ၏ အဓိကပြည်ပကုန်သွယ်ရေးလမ်းကြောင်း ၇၃ ရာခိုင်နှုန်းအား ပိုင်ဆိုင်ထားသည့် (မူဆယ်-ရွှေလီဂျယ်ဂေါင်) ဝင်ထွက်ဂိတ်များအားလုံးကို ဇန်နဝါရီ(၅)ရက်မှစတင်ပြီး (၁၄)ရက်အထိစမ်းသပ်ကာလသတ်မှတ်ထားပြီး စမ်းသပ်ကာလ ရက်အလွန်တွင် ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းရှိ မြန်မာနိုင်ငံ၏ အဓိကပို့ကုန်ဖြစ်သော လယ်ယာထွက်သီးနှံနှင့် ပင်လယ်ထွက်သားငါးများကို တရုတ်နိုင်ငံသို့ အဓိကထားတင်ပို့ခဲ့ရာ  ကိုဗစ်ကာလအတွင်း စျေးကွက်အားလုံးရပ်ဆိုင်းလုနီးနီး ဖြစ်ခဲ့ရသည်။ မူဆယ်(၁၀၅)မိုင်၊ ကုန်သွယ်ရေးဇုန်ထွက်ပေါက်မှ မြန်မာ့ပြည်ပပို့ကုန်များကို မူဆယ်ခရိုင် မန့်ဝိန်းဂိတ်၊ ကျင်စန်းကျော့ဂိတ် ဝမ်တိန်ပန်ဆိုင်း ဂိတ်များမှတစ်ဆင့် ကိုဗစ်စည်းကမ်းနှင့်အညီ နေ့စဉ်နံနက်(၈)နာရီမှ ည(၈)နာရီအထိသာ ဂိတ်ဖွင့်ပြီး ကုန်စည်ပို့ဆောင်မှု များကို ဆောင်ရွက်ခဲ့ရာ မြန်မာ့ပို့ကုန်များ အချိန်နှောင့်နှေးမှုများကြောင့်  ဆုံးရှုံးမှုများရှိခဲ့ကြသည်။

ယခုအခါ နယ်စပ်အာဏာပိုင်များဖြစ်သော မူဆယ်ခရိုင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်စိုးသန့် ဦးဆောင်သည့် ဌာနဆိုင်ရာများနှင့် ရွှေလီပြည်သူ့အစိုးရအဖွဲ့ခေါင်းဆောင် Mr Yang Shiyong နှင့် သက်ဆိုင်ရာ နယ်ခြားကော်မတီ များသည်  ယမန်နေ့နေ့လယ် (၁) နာရီအချိန်က  မူဆယ်ရွှေနန်းတော်ဂိတ်ခန်းမတွင်  ရင်းနှီးပွင့်လင်းစွာတွေ့ဆုံ ဆွေးနွေး ညှိနှိုင်းချက်အရ ဇန်နဝါရီ(၅)ရက်မှ စတင်ပြီး (၁၄) ရက်အထိ စမ်းသပ်ကာလ (၁၀) ရက်ကို  မူဆယ်မန့်ဝိန်းဂိတ်မှ တစ်ဆင့်  ပို့ကုန်/သွင်းကုန်များ အားလုံးကို ကုန်တင်ယဉ်များမှတစ်ဆင့် (၂၄) နာရီ စတင်စမ်းသပ် ဆောင်ရွက်ခွင့် ပြုမည်ဖြစ်ကြောင်း ညှိနှိုင်း သဘောတူကြပြီဖြစ်သည်။

အဆိုပါ မူဆယ်မန့်ဝိန်းဂိတ်မှတစ်ဆင့် (၂၄) နာရီ ကုန်စည်စီးဆင်း ပို့ဆောင်ခြင်းအား စမ်းသပ်ကာလ (၁၀) ရက် ဆောင်ရွက်မည်ဖြစ်ရာ  ကိုဗစ် စည်းကမ်းနှင့်အညီ ယာဉ်မောင်းဖလှယ်ရေးကိစ္စကိုလည်း ဆတိုး စနစ်တကျတင်းကြပ်စွာ  ဆောင်ရွက်ကြရေး  နှစ်နိုင်ငံမှ ကြိုတင်ပြင်ဆင်တာဝန်ယူရမည်ဖြစ်ပြီး မြန်မာနိုင်ငံဘက်မှ ပင်လယ်ထွက်သားငါးများ၊ လယ်ယာထွက်သီးနှံများကို  မြန်ဆန်စွာ ပို့ဆောင်နိုင်တော့မည် ဖြစ်သည်။

မြန်မာ-တရုတ် ကုန်စည်ပို့ဆောင်ရေး၏ ကောင်းမွန်သော အစပြုခြင်းဖြစ်ပြီး စမ်းသပ်ကာလ (၁၀) ရက် အလွန် ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး အောင်မြင်ပါက ယခင်ကာလများသို့ ပုံမှန်အနေအထားထိအောင် တိုးချဲ့ ဖွင့်လှစ်သွားမည်ဖြစ်ပြီး အခြားဆက်စပ် ဆင်ဖြူဂိတ်နှင့်အတူ ကျင်စန်းကျော့ဂိတ်၊ ဝမ်တိန်ဂိတ်များကိုလည်း တိုးချဲ့ ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်သွားကြရန် သဘောတူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အယ်လ်စိုး (မူဆယ်)