လွိုင်ကော် ဇန်နဝါရီ ၃
ကယားပြည်နယ်တွင် Master Plan နှင့် Action Plan များရေးဆွဲဖော်ဆောင်နိုင်ရန်အတွက် ကယားပြည်နယ် ဒေသဆိုင်ရာ ခရီးသွား လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ကယားပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန နှင့် လွိုင်ကော်ခရိုင် ခရီးစဉ်ဒေသစီမံခန့်ခွဲရေး ကော်မတီတို့သည် ယမန်နေ့မွန်းလွဲပိုင်းက ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းများ ဖော်ဆောင်နိုင် ရန်အတွက် လွိုင်ကော်မြို့နယ်အတွင်းရှိ အိုင်စန့်ကျေးရွာ (လီဆူးကျေးရွာ) နှင့် ဝမ်ငေါ့ရေတံခွန်တို့သို့ သွားရောက် ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
“ကျွန်တော်တို့အဖွဲ့အနေနဲ့ ကယားပြည်နယ်မှာ ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းလေးခုကို ဖော်ဆောင် ပေးထားပြီးဖြစ်ပါ တယ်၊ အဲ့တာတွေကတော့ ပန်ပက်ကျေးရွာ(ကယန်းရွာ) ၊ တနီးလာလဲ(ကယားရွာ) ၊ ဒေါတမကြီး (ကယားရွာ) နှင့် ထေခို (ကယောရွာ) တို့ပဲဖြစ်ပါတယ်၊ ယခုအိုင်စန့်ကျေးရွာမှာရှိတဲ့ လီဆူးလူမျိုး တွေဟာ ရိုးရာမပျက်နေထိုင်နေတဲ့ အတွက် ကြောင့်နဲ့ ကယားပြည်နယ်အတွင်းမှာရှိတဲ့ တိုင်းရင်းသား လူမျိုးတွေဖြစ်တဲ့အတွက်ကြောင့် ရပ်ရွာအခြေပြု ခရီးသွား လုပ်ငန်း ဖော်ဆောင်နိုင်ဖို့အတွက် ကွင်းဆင်းလေ့လာ ရခြင်းဖြစ်ပါတယ်၊ ယခုလိုခရီးသွားလုပ်ငန်းတွေ ဖော်ဆောင် ပေးခြင်းအားဖြင့် ကျေးရွာမှာရှိတဲ့လူထုတွေ လူမှုစီးပွား တိုးတက်လာမယ်၊ လမ်းတွေ၊ မီးတွေ၊ ရေတွေ အဆင်ပြေလာမယ်၊ ပြည်နယ်အနေနဲ့ ဖွံ့ဖြိုးတိုးတက်မှု တစ်ခုဖြစ်လာမှာဖြစ်ပါတယ်၊ နောက်ပြီး လာရောက်လည်ပတ်တဲ့ ခရီးသွားအနေနဲ့လည်း ကယားပြည်နယ်မှာ ရှိတဲ့ လီဆူးလူမျိုးရဲ့ ရိုးရာယဉ်ကျေးမှုဓလေ့တွေကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်” ဟု ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန ၊လွိုင်ကော်ရုံး၊ ပြည်နယ်တာဝန်ခံ ဦးလင်းဇော်ထွဋ်က ပြောကြားခဲ့သည်။
“ဆက်လက်ပြီး ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းများ ဖော်ဆောင်ပေးသွားမှာကတော့ ရှားတောမြို့နယ် မှာဆိုရင် ရေပူစမ်းနဲ့ ကယားရိုးရာယဉ်ကျေးမှုတွေ ၊ ရွာသစ်မြို့နယ်မှာဆိုရင် နှစ်ပေါင်း ၁၅၀ ကျော်ရှိတဲ့ ညောင်ကိုင်း ဘုန်းကြီးကျောင်းနဲ့ ရှမ်းလူမျိုးများရဲ့ ယဉ်ကျေးမှုတွေ၊ ကွမ်ငံကျေးရွာမှာရှိတဲ့ ယင်းဘော်လူမျိုးရဲ့ ရိုးရာ ယဉ်ကျေးမှုတွေကိုလည်း ဖော်ဆောင် သွားမှာဖြစ်တယ်”ဟု ၎င်းကပြောကြားခဲ့သည်။
အဆိုပါ အိုင်စန့်ကျေးရွာ(လီဆူးကျေးရွာ)တွင် အိမ်ခြေပေါင်း (၄၆) အိမ်နှင့် လူဦးရေ (၁၀၀) ကျော် နေထိုင်ကြပြီး စိုက်ပျိုးရေးအနေဖြင့် ပြောင်းဖူးသာအဓိကစိုက်ပျိုးကြကြောင်း သိရသည်။
စိုးလှိုင်ဌေး (ပြန်/ဆက်)