လားရှိုးမြို့ အ.ထ.က (၄)၌ ရှေးဦးပြုစုခြင်း အခြေခံ (၁၊ ၂၊ ၃/၂၀၂၅) သင်တန်းဆင်းပွဲ ကျင်းပ

လားရှိုး ဒီဇင်ဘာ ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းကကြီးမှူး၍ မြို့နယ်ကြက်ခြေနီအသင်းခွဲဖြင့်ပူးပေါင်းကာ ရှေးဦးပြုစုခြင်းအခြေခံ (၁၊ ၂၊ ၃/၂၀၂၅) သင်တန်းဆင်းပွဲကို ယနေ့နံနက် (၁၀) နာရီက အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

အဆိုပါ ရှေးဦးပြုစုခြင်းအခြေခံသင်တန်းဆင်းပွဲတွင် ပြည်နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ဦးထွန်းထွန်းဦးက အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းမော်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ကြက်ခြေနီအသင်းခွဲမှဒုဥက္ကဋ္ဌ ဦးလမင်းအောင်က ကျေးဇူးတင်စကားပြောကြားပြီး မြို့နယ်တပ်ဖွဲ့မှူး ဦးဇော်မျိုးကျော်က သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းအောင်လက်မှတ်များနှင့် ထူးချွန်ဆုရရှိသည့် ‌သင်တန်းသား၊ သင်တန်းသူများအား ထူးချွန်ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ အ.ထ.က (၄)နှင့် အ.ထ.က (၈) ကျောင်းများအတွက် Advanced First Aid Kit များအား ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဝင်းဇော်ထွန်းနှင့် တပ်ဖွဲ့မှူး ဦးထွန်းထွန်းဦးတို့က ပေးအပ်ရာ အဆိုပါကျောင်း တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။

အဆိုပါ ရှေးဦးပြစုနည်း အခြေခံသင်တန်းအား ဒီဇင်ဘာလ (၁၉) ရက်နေ့မှ (၂၁) ရက်နေ့အထိ သုံးရက်တာ ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းတွင် သင်တန်းနည်းပြများက ကြက်ခြေနီအကြောင်း သိကောင်းစရာ၊ ရှေးဦးပြုစုခြင်း အတွေးအခေါ်များ၊ လူနာဆန်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ၊ ဒဏ်ရာအမျိုးမျိုနှင့် သွေးယိုစီးခြင်း၊ အပူလောင်ခြင်းနှင့် အရည်ပူလောင်ခြင်း၊ သွေးဆုတ်သွေးလန့်ခြင်း၊ မူးမေ့ခြင်းနှင့် သတိလစ်ခြင်း၊ အဆိပ်သင့်ခြင်း၊ သတ္တဝါများကိုက်ခြင်းနှင့် တုပ်ခြင်း၊ အရိုကျိုးခြင်း၊ အဆစ်လွဲခြင်း၊ ရိုးဆက်ကြောနှင့် ကြွက်သားများ ထိခိုက်ဒဏ်ရာရခြင်း စသည့်တို့ကို ရှေးဦးပြုစုနည်း၊ လူနာကိုင်တွယ်ခြင်းနှင့် သယ်ဆောင်ခြင်းနှင့် အခြေခံအသက်ကယ်အထောက်အကူပြုနည်း စသည့် အကြောင်းအရာများအား စာတွေ့၊ လက်တွေ့ သင်ကြားပေးခဲ့ရာ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၈၆ ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)