လွိုင်ကော် ဒီဇင်ဘာ ၂၂
ကယားပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ် မကျော်သော မိန်းကလေးငယ်များအား ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံခြင်းလုပ်ငန်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်က လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ကာကွယ်ဆေးထိုးနှံနေမှုအခြေအနေများအား သွားရောက် ကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လွိုင်ကော်မြို့နယ်ခန်းမသို့ရောက်ရှိကာ ကျန်းမာရေးဝန်ထမ်းများမှ ကျောင်းသူမိန်းကလေးငယ်များနှင့် ကျောင်းပြင်ပမိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံပေးရန် ပြင်ဆင်နေမှုအခြေအနေများနှင့် ကာကွယ် ဆေးထိုးနှံပေးနေမှုအခြေအနေများကို ကြည့်ရှုအားပေးသည်။ ပြည်နယ်ဝန်ကြီးချုပ်က ကာကွယ်ဆေး ထိုးနှံရန် အကျုံးဝင်သည့် မိန်းကလေးငယ်များအားလုံး ထိုးနှံပေးနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် စနစ်တကျ ပေါင်းစပ်ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကာကွယ်ဆေးလာရောက်ထိုးနှံကြသည့် မိန်းကလေးငယ်များကို အာဟာရဖြည့်စွက်စာများ ပေးအပ်ခဲ့ပြီး မိဘအုပ်ထိန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းအား သက်ဆိုင်ရာ ဒေသန္တရဆေးခန်းများ၊ ရပ်ကွက်ဆေးထိုးစုရပ်များတွင် ဒီဇင်ဘာ ၂၂ ရက်မှ ၃၁ ရက်နေ့အထိဆောင်ရွက်သွားမည်ဖြစ်သည်။ ယနေ့ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) လာရောက်ထိုးနှံသူ ၁၆၃ ဦးရှိပြီး တစ်ပြည်နယ်လုံးအနေဖြင့် မိန်းကလေးငယ် ၃၇၀၀ ကျော်အား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)