လွိုင်လင်မြို့၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး မြေစိုက်ပိုစတာ (Bill Board)စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

လွိုင်လင် ဒီဇင်ဘာ ၂၂

‎‎ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊‌ လွိုင်လင်မြို့၌ ဒီဇင်ဘာ ၂၈ ရက်‌နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ပြည်သူများအဆင်ပြေချောမွေ့စွာ မဲပေးနိုင်ရေးအတွက် လှုံ့ဆော်ရေးမြေစိုက်ပိုစတာ (Bill Board)စိုက်ထူခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက ပြည်ထောင်စုလမ်းမကြီးဘေး မီးပွိုင့်အနီးတွင် ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် လွိုင်လင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦး‌ကြည်မြင့်နှင့် တာဝန်ရှိသူများမှ "ဒို့အတူတူမဲပေးကြမယ်၊ ရွေးကောက်ပွဲမှသည်ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့" (၁၀ပေx၅ပေ)ရှိ မြေစိုက်ပိုစတာ(Bill Board)အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။ 

ဆက်လက်၍ သက်ဆိုင်ရာဌာနအသီးသီးမှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် လူစည်ကားရာနေရာများဖြစ်သော မြို့မဈေးရှိ ဈေးရောင်း/ဈေးဝယ်များနှင့် မြို့လယ်လမ်းဆုံများအတွင်း သွားလာနေကြသော ပြည်သူများအား" ဒို့အတူတူမဲပေးကြမယ်၊ ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့၊ ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူ ရွေးချယ်စို့" စသည့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို (ရှမ်း၊ ပအိုဝ်း၊ ဗမာ)ဘာသာဖြင့် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

‎‎အယ်မင်း(လွိုင်လင်)