ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

ဟားခါး ဒီဇင်ဘာ ၂၂

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ချင်းပြည်နယ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦး၊ သယံဇာတရေးရာဝန်ကြီး ဦးကောလ်လျန်ထန်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင်၊ စစ်ဗျူဟာအဖွဲ့ (အခြေချ) ဟားခါးစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်လင်းထွန်းနှင့် ချင်းပြည်နယ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီဝင်များ တက်ရောက်ကြသည်။  

ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကျင်းပမည့်နေ့ရက်သည့် ရက်ပိုင်းမျှသာ နီးကပ်လာပြီဖြစ်ကြောင်း၊ ကျန်ရှိသည့် အဖိုးတန်အချိန်အတွင်းမှာ လုပ်ဆောင်ရမည့်လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ ရွေးကောက်ပွဲသည် နိုင်ငံတော်အတွက် အရေးကြီးလုပ်ငန်းဖြစ်သည့်အတွက် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် စိန်ခေါ်မှုနှင့် ကန့်သတ်ချက်များရှိနိုင်ကြောင်း၊ မလွန်ဆန်နိုင်သည့်ဖြစ်ရပ်များမှအပ လုံ့လဝီရိယစိုက်ထုတ်မှုအပိုင်း၌ ပြောစရာမရှိအောင် အားထုတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ တာဝန်ထမ်းဆောင်ကြသည့်ပုဂ္ဂိုလ် များအနေဖြင့် ကိုယ်စိတ်နှလုံးကျန်းမာစွာနှင့် ကြည်သာရွှင်ပြစွာ လုပ်ငန်းများ ဆောင်ရွက်ကြစေလိုကြောင်း၊ တစ်ဦးနှင့်တစ်ဦး ပူးပေါင်းဆောင်ရွက်ရန်လည်း လိုအပ်ပါကြောင်း၊ ထိုသို့ ပူးပေါင်းဆောင်ရွက်မည်ဆိုပါက ပိုမိုကောင်းမွန်မည်ဖြစ်ပါကြောင်း၊   သို့ဖြစ်၍ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် တတ်စွမ်းသမျှ ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် ဆွေးနွေးတင်ပြလိုသည့် အချက်များရှိပါက ပွင့်ပွင့်လင်းလင်း ဆွေးနွေးတင်ပြကြစေလိုကြောင်း အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ချင်းပြည်နယ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေးနှင့် စစ်ဗျူဟာအဖွဲ့ (အခြေချ) ဟားခါးစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်လင်းထွန်းတို့က မဲရုံနေရာချထားမှု ၊ မဲရုံတွင်အသုံးပြုမည့် မဲရုံသုံးပစ္စည်းများ၊ ကော်မရှင်အဖွဲ့ခွဲဝင်များ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများနှင့် မဲရုံအဖွဲ့ဝင်များ၏ လုံခြုံရေးဆိုင်ရာ စီမံချက်ရေးဆွဲထားရှိမှုအခြေအနေများနှင့် လုံခြုံရေးဆိုင်ရာကိစ္စ ရပ်များကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ချင်းပြည်နယ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မောင်မောင်အေးက ရွေးကောက်ပွဲနှင့်ပတ်သက်၍ လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်း၊ ပြည်နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဇထန်းနှင့် ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးကျော်စိုးနိုင်တို့က ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် တင်ပြလိုသည့်အချက်များကို တင်ပြကြသည်။

တင်ပြချက်များပေါ် ချင်းပြည်နယ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်နှင့် ခေတ္တပြည်နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဆွေတို့က အကြံပြုဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

 ခရိုင်(ပြန်/ဆက်)