လင်းခေး ဒီဇင်ဘာ၂၃
ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ရှမ်းပြည်နယ် (တောင်ပိုင်း) တာဝန်ခံ ဦးခင်မောင်ဦးသည် ယမန်နေ့မွန်းလွဲပိုင်း၌ လင်းခေးမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ လင်းခေးခရိုင်၊ လင်းခေးမြို့တွင် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး တွေ့ဆုံညှိနှိုင်းပွဲကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲ၌ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးသည် ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မင်းဝင်း၊အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ လင်းခေးခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ MEVM မဲပေးစက်ကြီးကြပ်ရေးနှင့် နည်းပညာအထောက်အကူပြုအဖွဲ့တို့မှ တာဝန်ရှိသူများ၊ လင်းခေးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၅) ခုမှ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အတွင်းရေးမှူးများနှင့် တွေ့ဆုံကာ ၂၀၂၅ခုနှစ်ဒီဇင်ဘာ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၁) တွင် ပါဝင်သည့် လင်းခေးမြို့တွင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့သည်။
ထိုသို့ညှိနှိုင်းဆွေးနွေးရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က လက်ရှိဆောင်ရွက်လျက်ရှိသော ရပ်/ကျေးကြိုတင်မဲပေးခြင်းလုပ်ငန်းများကို ဥပဒေနှင့်အညီ ကြီးကြပ်ဆောင်ရွက်ရေး၊ ရွေးကောက်ပွဲအတွက် မဲရုံ၊မဲရုံအဖွဲ့ဝင်များနှင့် MEVM မဲပေးစက်များ အသင့်ပြင်ဆင်စုဖွဲ့ သယ်ဆောင်ဖြန့်ခွဲထားရှိ ရေး၊ မဲရုံသုံးပစ္စည်းများ မဲစာရင်းအပါအဝင် အသုံးပြုရမည့် ပုံစံစာရင်းဇယားများအား စနစ်တကျ ပြင်ဆင်ထားရေး၊ မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေလုံခြုံစွာ ဆန္ဒမဲပေးနိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိရေး၊ MEVM စက်များ၊ SD card၊ BU Paper၊ အရန်မဲပေးစက်များနှင့်စပ်လျဥ်း၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရန် အသေးစိတ်ရှင်းလင်းမှာကြားခဲ့သည်။
ယင်းနောက် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တက်ရောက်လာသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများက ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးခဲ့ကြပြီး၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ မေးမြန်းဆွေးနွေးချက်များအပေါ် ပြန်လည်ရှင်းလင်းမှာကြားကာ တွေ့ဆုံပွဲအား ရုတ်သိမ်းလိုက်သည်။ တွေ့ဆုံပွဲအပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နှင့်တာဝန်ရှိသူတို့က MEVM စက်များ ထိန်းသိမ်းထားရှိမှုအား ကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူတို့အား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
ခရိုင်(ပြန်/ဆက်)