ချမ်းမြသာစည်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ချမ်းမြသာစည် ဒီဇင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဒီဇင်ဘာ ၂၂ ရက် ညနေ ၃ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်ဇော်ဦးက ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူး လုံခြုံရေးနေရာချဆောင်ရွက်မှုများ၊ တတိယအကြိမ် မဲစာရင်းထုတ်ပြန်နိုင်ရေး ဆောင်ရွက်ချက်များ၊ ဆန္ဒမဲပေးမှုသရုပ်ပြဆောင်ရွက်ချက်များနှင့် ဆန္ဒမဲပေးသူများ စိတ်အေးချမ်းသာစွာ မဲပေးနိုင်ရေးအတွက် မဲရုံခင်းကျင်းထားရှိမှုများ၊ မဲရုံပတ်ဝန်းကျင် သန့်ရှင်းရေး၊ မီးဘေးလုံခြုံရေးတို့ကို မိမိတို့တာဝန်ကျသည့် ရပ်ကွက်အလိုက် တာဝန်ယူဆောင်ရွက်သွားကြရန် ဆွေးနွေးခဲ့သည်။ ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက မိမိတို့တာဝန်ယူဆောင်ရွက်ရမည့် ရပ်ကွက်အလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်ဇော်ဦးနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌတို့က ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးပေးခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အလင်းသစ် (ပြန်/ဆက်)