သာစည်မြို့နယ်၌ သာဂရ-သုံးပတ်လည်-အလယ်ကန်လမ်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

သာစည် ဒီဇင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၌  ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီး (ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဆောင်ရွက်သော သာဂရ-သုံးပတ်လည်-အလယ်ကန်လမ်း မြေသားတာဘောင်တင်၍ ဂျင်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေအား မိတ္ထီလာခရိုင်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်နှင်းနှင်းအိလှိုင်နှင့် တာဝန်ရှိသူများက ဒီဇင်ဘာ ၂၂ ရက်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး(ငွေလုံးငွေရင်း) ရန်ပုံငွေကျပ်(၈၃.၈၂၈)သန်းဖြင့် သာဂရ-သုံးပတ်လည်-အလယ်ကန်လမ်း လမ်းအရှည်(၀.၈၂၂) ကီလိုမီတာအား မြေသားတာဘောင်တင်၍ ဂျင်းခင်းခြင်းလုပ်ငန်းများကို သာစည်မြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ပြီး အဆိုပါလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ)နှင့်မြို့နယ်တာဝန်ခံတို့က ကွင်းဆင်းစစ်ဆေးခဲ့ရာ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)မှ လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ပြီး  ကျန်လမ်းပိုင်းများအား လာမည့်ဘဏ္ဍာရေးနှစ်များတွင် ဆက်လက်လျာထားဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရသည်။

သာဂရ-သုံးပတ်လည်-အလယ်ကန်လမ်းသည် ရန်ကုန်-တောင်ငူ-မန္တလေးလမ်း၊ ခရိုင်ချင်းဆက်(၂) လမ်းတို့ဖြင့် ချိတ်ဆက်သွားလာနိုင်သော အဓိကကျသောလမ်းဖြစ်ပြီး အဆိုပါဒေသရှိ ကျေးရွာ(၅)ရွာ၊ အိမ်ခြေ(၁၃၄၇)အိမ်နှင့် လူဦးရေ(၆၄၆၈)ဦးတို့၏  ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးကိစ္စရပ်များအတွက် သွားလာရေးအဆင်ပြေချောမွေ့လာမည်ဖြစ်ပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)