မိတ္ထီလာမြို့ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရောက်မှုပေး

မိတ္ထီလာ ဒီဇင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် အလည်ရွာကျေးရွာ၌ ကုတင် (၂၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများပါဝင်သော ဆေးကုသရေးအဖွဲ့သည် ဒီဇင်ဘာလ ၂၂ ရက်နေ့က အလည်ရွာတိုက်နယ်ဆေးရုံသို့ ကွင်းဆင်း၍ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျေးလက်နေပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုအားကောင်းစေရန်နှင့် ကျေးလက်နှင့်မြို့ပြကျန်းမာရေးစောင့်ရှောက်မှုသာတူညီမျှရရှိစေရန် ရည်ရွယ်၍ မိတ္ထီလာမြို့ ကုတင် (၂၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမင်းသီရိ ဦးဆောင်သော ဘာသာရပ်အလိုက် အထူးကုဆရာဝန်ကြီးများပါဝင်သော ဆေးကုသရေးအဖွဲ့သည် အလည်ရွာတိုက်နယ်ဆေးရုံတွင် အထူးကုကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ အထူးကုကွင်းဆင်းဆေးကုသရာ အလည်ရွာကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများ လာရောက်ပြသရာ အထွေထွေရောဂါလူနာ ၇၅ ဦး၊ ခွဲစိတ်ရောဂါဆိုင်ရာလူနာ ၁၄ ဦး၊ အရိုးရေားဂါဆိုင်ရာလူနာ ၆၇ ဦး၊ သားဖွားမီးယပ်ရောဂါလူနာ ၁၁ ဦး၊ ကလေးရောဂါလူနာ ၁၃ ဦး၊ မျက်စိရောဂါလူနာ ၆၈ ဦး၊ အကြောအဆစ်ရောဂါလူနာ ၃၀ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၃၈ ဦး၊ သွားနှင့်ခံတွင်းလူနာ ၁၈ ဦးတို့အား ကြည့်ရှုကုသပေးနိုင်ခဲ့ပြီး လွှဲပြောင်းလူနာ လေး ဦးအား မိတ္ထီလာမြို့ ကုတင် (၂၀၀) ဆံ့ ပြည်သူ့ဆေးရုံကြီး၌ လိုအပ်သောကုသမှုများ ဆက်လက် ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ အထူးကုဆရာဝန်ကြီးများပါဝင်သော ဆေးကုသရေးအဖွဲ့ ဒေသခံပြည်သူများအား ကွင်းဆင်းဆေးကုသရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦးနှင့်အဖွဲ့ဝင်များက အထူးကုကွင်းဆင်းဆေးကုသမှုများ ကြည့်ရှု၍ လာရောက်ပြသသော ပြည်သူများအား အားပေးစကားပြောကြားခဲ့ပြီး အလည်ရွာတိုက်နယ်ဆေးရုံတွင် ကလေးမီးဖွားပြီးစ ကလေးမိခင်နှစ်ဦးအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)