ပျော်ဘွယ်မြို့နယ်၌ တတိယအကြိမ် မဲဆန္ဒရှင်များစာရင်း ထုတ်ပြန်ကြေညာ

ပျော်ဘွယ် ဒီဇင်ဘာ ၂၃

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တတိယအကြိမ် မဲစာရင်း ကပ်ထားကြေညာခြင်းကို ယနေ့နံနက် ၇ နာရီက စတင်၍ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာ ထားရာ မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

“မဲဆန္ဒရှင်များအနေနဲ့ မဲစာရင်းကို ကြိုတင်ကြည့်ရှုထားခြင်းနဲ့ မဲစာရင်းအမှတ်စဉ်ကို မှတ်မိထားမယ်ဆိုရင် ဆန္ဒမဲပေးတဲ့အချိန်မှာ လွယ်ကူလျှင်မြန်စွာနဲ့ ဆန္ဒမဲပေးနိုင်မှာဖြစ်ခြင်းကြောင့် တတိယအကြိမ် မဲစာရင်းကြေညာထားမှုကို လာရောက်ကြည့်ရှုဖို့ ရပ်ကွက်အတွင်းမှာရှိတဲ့ပြည်သူ တွေကို နှိုးဆော်ထားပါတယ်” ဟု မြင်းဘက်ရပ်ကွက်မှ ကော်မရှင်အဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်နှင့်ကျေးရွာများမှ ပြည်သူများအနေဖြင့် ဆန္ဒမဲပေးရာတွင် မိမိ၏မဲစာရင်းအမှတ်စဉ် သိရှိစေရန် မဲစာရင်းများ သွားရောက်ကြည့်ရှုရန် တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)