နောင်တရား ဒီဇင်ဘာ ၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ အနီးပတ်ဝန်းကျင်ကျေးရွာများ၌ စကအာလူးစိုက်ပျိုးထားသည့် တောင်သူများ နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ဈေးနှုန်းပုံမှန်သာရရှိနေကြောင်း အာလူးစိုက်တောင်သူတစ်ဦးထံမှ သိရသည်။
“ကျွန်တော်တို့နောင်တရားဒေသကတော့ ရာသီဥတု ပုံမှန် ၃၀ ဒီဂရီအောက်မှာဘဲရှိတဲ့အတွက် ထွက်ရှိတဲ့အာလူးတိုင်းက အထားခံပါတယ် ပြီးတော့ အပူပိုင်းဒေသလိုအာလူး အပုပ်နည်းတယ် နယ်ဝေးပို့ရတာအဆင်ပြေပါတယ် နိုဝင်ဘာလ နောက်ဆုံးပတ်နဲ့ ဒီဇင်ဘာလတွေမှာ နှစ်တိုင်းလိုလို ပုံမှန်ဈေးနှုန်းသာရရှိပါတယ် ဇန်နဝါရီလလောက်ရောက်ရင်တော့ အကျဘက်ဦးတည်လေ့ရှိတယ်” ဟု အာလူးစိုက်တောင်သူတစ်ဦးက ပြောသည်။
နောင်တရားဒေသတွင် မိုးကြို၊ စက(မိုးနှောင်း)၊ ရေးသွင်းအာလူးစသည်ဖြင့် အာလူးကို သုံးကြိမ် စိုက်ပျိုးကြသည်။ မိုးကြိုအာလူးကို မေလနှင့် ဇွန်လ တွင်လည်းကောင်း၊ စက(မိုးနှောင်း)ကို စက်တင်ဘာလနှင့် အောက်တိုဘာလ တွင်လည်းကောင်း၊ ရေသွင်းအာလူးကို ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ တွင်လည်းကောင်း စိုက်ပျိုးကြသည်။
၂၀၂၅ခုနှစ် မတ်လမှ ဇွန်လအထိ ထွက်ရှိသည့် အာလူးမှာ တစ်ပိဿာလျှင် ကျပ် ၄,၀၀၀/- မှ ၆,၀၀၀/- အထိ အရောင်းအဝယ်ဖြစ်ခဲ့ပြီး အောက်တိုဘာလတွင် ကျပ် ၄,၀၀၀/- နှင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး နိုဝင်ဘာလ နောက်ဆုံးပတ်တွင် ကျပ် ၅,၀၀၀/- ပြန်လည်ရရှိလာသည့်အတွက် ပုံမှန်ဈေးနှုန်း ပြန်လည်ရောက်ရှိလာကြောင်းသိရသည်။
ခွန်အောင်(နောင်တရား)