ကျောက်တလုံးကြီးမြို့တွင် အထူးကုကွင်းဆင်းဆေးကုသမှုအစီအစဉ် ဆောင်ရွက်

ကျောက်တလုံးကြီး ဒီဇင်ဘာ ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ အထူးကုကွင်းဆင်းဆေးကုသမှုအစီအစဉ်အဖြစ် ကျန်းမာရေးဝန်ကြီးဌာန အထူးကုဆရာဝန်အဖွဲ့ (၇) ဖွဲ့ အခမဲ့ကွင်း‌ဆင်းစစ်ဆေးကုသပေးခြင်းကို ပထမနိမ္မိတသပိတ်မြတ်ဘုရားတွင် ယနေ့နံနက် ၈ နာရီက ဆောင်ရွက်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်သယံဇာသရေးရာဝန်ကြီး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။

ကွင်းဆင်းကုသမှုဆောင်ရွက်ရာတွင် သမားတော်ဆရာဝန်အဖွဲ့၊ တိုင်းရင်းဆေးဆရာဝန်အဖွဲ့၊ သွားဆရာဝန်အဖွဲ့၊ အရေပြားဆရာဝန်အဖွဲ့၊ မျက်စိဆရာဝန်အဖွဲ့၊ သားဖွားမီးယပ်ဆရာဝန်အဖွဲ့၊ ကလေးအထူးကုဆရာဝန်အဖွဲ့မှ အထူးကုများက ကျောက်တလုံးကြီးမြို့ရှိ သွေးတိုး၊ဆီးချို၊နှလုံး၊ ကျောက်ကပ်၊ လေဖြတ်ဝေဒနာရှင်များ၊ ခါးနာ၊ ဒူးနာ၊ ခြေထောက်နာ ဝေဒနာရှင်များ၊ သွားကိုက်၊ သွားပိုးစားဝေဒနာရှင်များ၊ အရေပြားအနာများ၊‌ ဝဲ၊ နှင်းခူ၊ ပွေး၊ အင်ပြင်များ၊ ဝက်ခြံပေါက်လွန်းသူများ၊ မျက်စိအနီးမှုန်၊ အဝေးမှုန်၊ မျက်စိကိုက်သူများ၊ ကိုယ်ဝန်ဆောင်များ၊ ရာသီမမှန်သူများ၊ ကလေးနှာစေး၊ ချောင်းဆိုး၊ ဝမ်းလျှော၊ အော့အန်သူများအား အခမဲ့စစ်ဆေး ကုသပေးလျက် ရှိကြောင်းသိရသည်။

ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့မှ ကျောက်တလုံးကြီးမြို့တွင် ကွင်းဆင်းကုသမှုဆောင်ရွက်ပေးလျက်ရှိသော အထူးကုအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ပြီး ကောင်ဝိန်းကျောင်းတိုက်ဆရာတော်အား ဖူးမြော်၍ လူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြကြောင်းနှင့် အခမဲ့ကွင်းဆင်းကုသမှုအစီအစဉ်အား နေ့လယ်(၁) နာရီအထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်နိုင်လင်း