ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ အခြေခံပညာမူလတန်းအဆင့်(Grade-5) စာမေးပွဲဆိုင်ရာ မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ဟိုပုံး ဒီဇင်ဘာ ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ အခြေခံပညာမူလတန်းအဆင့်(Grade-5) ပြီးမြောက်ခြင်း စာမေးပွဲဆိုင်ရာ မြို့နယ်အဆင့်အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီခွဲက သီရိမင်္ဂလာသာသနာ့ဗိမာန်၌ ကျင်းပသည်။

အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် နည်းပြများ၊ ဟိုပုံးမြို့နယ်၊ ဆီဆိုင်မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းများမှ ဆရာ၊ ဆရာမ စုစုပေါင်း (၁၀၆၉) ဦး တက်ရောက်ကြကြောင်း သိရသည်။

ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဇော်ဦးက အမှာစကားပြောကြားရာတွင် ဆရာ၊ ဆရာမများက ယခုဆွေးနွေးပွဲတွင် သင်ကြားပေးသည့် ဘာသာရပ်များကို သေချာစွာလေ့လာမှတ်သားဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ဒါမှသာ ကျောင်းသား၊ ကျောင်းသူများကို ပြန်လည်သင်ပြရာတွင် အဆင်ပြေကာ စာမေးပွဲ၌ အထောက် အကူပြုနိုင်မည်ဖြစ်ကြောင်း၊ မိမိတို့ကိုယ်တိုင်က သေချာတတ်မြောက်ဖို့လိုကြောင်းပြောကြားသည်။ ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းကျော်က အခြေခံပညာမူလတန်းအဆင့်(Grade-5) စာမေးပွဲစစ်ဆေးခြင်း၊ မေးခွန်းပြုစုခြင်းနှင့် ဘာသာရပ်အလိုက် အမှတ်ပေးစံစနစ်(TOS)အကြောင်းကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးဝင်းညွန့်က ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့်(Grade-5) ပြီးမြောက်ခြင်း စာမေးပွဲကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ(၂၃)ရက်နေ့မှ (၂၇)ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း၊ အခြေခံပညာအလယ်တန်းအဆင့်(Grade-9) ပြီးမြောက်ခြင်း စာမေးပွဲကို ဖေဖော်ဝါရီလ (၂၃)ရက်နေ့မှ (၂၈)ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း၊ ဆရာ/ဆရာမများအနေဖြင့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲတွင် မိမိတို့ကျရာတာဝန်များကို နိုင်ငံသားကောင်းပီပီတာဝန်ကျေပွန်စွာဖြင့် ပူးပေါင်းဆောင်ရွက်သွားဖို့လိုပါကြောင်းပြောကြားပြီး သင်တန်းနည်းပြများက သက်ဆိုင်ရာဘာသာရပ်များအလိုက် ဆွေးနွေးသင်ကြားပေးလျက်ရှိသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)