ကျိုက်လတ် ဒီဇင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အသက် ၁၈ နှစ်ပြည့်ပြီး၊ နိုင်ငံသားတိုင် ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးရေး မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် တတိယအကြိမ် တိုက်ဆိုင်စစ်ဆေးခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့သို့တိုက်ဆိုင်စစ်ဆေးရာတွင် ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများ ကြေညာပြီးနောက် မဲဆန္ဒရှင်စာရင်းများပြည့်စုံမှန်ကန်စေရေးအတွက် မဲဆန္ဒရှင်များ၏ တောင်းဆိုမှု၊ ပြင်ဆင်မှုနှင့် ကန့်ကွက်မှုများအား စိစစ်ပြင်ဆင်ပြီး မဲဆန္ဒရှင်စာရင်း တတိယအကြိမ်ကို သက်ဆိုင်ရာရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် နောက်ဆုံးအကြိမ် ကပ်ထားကြေညာမည်ဖြစ်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ ဝန်ထမ်းများ၊ ရပ်/ကျေးကော်မရှင်အဖွဲ့ဝင်များ၊ လူဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် မြို့နယ်ကော်မရှင်အဖွဲ့များမှ မဲစာရင်းမှန်ကန်စေရေး တိုက်ဆိုင်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပြင်ဆင်ထားသည့် မဲဆန္ဒရှင်စာရင်းများကို ကျိုက်လတ်မြို့နယ်အတွင်းရှိ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများတွင် တတိယအကြိမ်အနေဖြင့် (၂၀၂၅) ခုနှစ် ဒီဇင်ဘာလ (၂၃) ရက်နေ့မှ စတင်၍ ကပ်ထားကြေညာထားမည်ဖြစ်ကြောင်း သိရသည်။
ကျိုက်လတ် (ပြန်/ဆက်)