ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ရေကြည်မြို့နယ်၊ ရင်းရှည်ကျေးရွာတွင် ငဝန်မြစ်ရေတိုက်စားခံရသည့်ကမ်းပါးပေ (၁၀၀၀) ပြိုကျမှုအားကြည့်ရှုစစ်ဆေး

ပုသိမ် ဒီဇင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်‌နေ့နံနက်ပိုင်းက တာဝန်ရှိသူများလိုက်ပါလျက် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ရင်းရှည်ကျေးရွာတွင် ငဝန်မြစ်ရေတိုက်စားခံရသည့်ကမ်းပါးပေ (၁၀၀၀) ပြိုကျမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရေကြည်မြို့နယ်၊ ရင်းရှည်ကျေးရွာတွင် ငဝန်မြစ်ရေတိုက်စားခံရသည့် ကမ်းပါးပေ (၁၀၀၀) ပြိုကျမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွင်နိုင်ရန်အတွက် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွင်နိုင်ရန်အတွက် လိုအပ်သည့်တိုင်းတာမှုများပြုလုပ်၍ တွက်ချက်တင်ပြရန်တာဝန်ရှိသူများကို မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရေကြည်မြို့နယ်၊ ဘုရားကုန်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းသို့သွားရောက်၍ ကျောင်းဆောင်လိုအပ်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဘဏ္ဍာနှစ်အလိုက် လျာထားဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများကို မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်မြို့၊ အင်းရဲလမ်းကတ္တရာထပ်ပိုးလွှာခင်းခြင်း လမ်းသစ်ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ပြီး လမ်းသစ်အား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် တိုင်းဒေသကြီးလမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး (မြို့ပြ) က လမ်းဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်များပေးအပ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင်တို့က ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး လမ်းသစ်အားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါလမ်းသည် ကျုံပျော်ခရိုင်လမ်းဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကတ္တရာထပ်ပိုးလွှာခင်းခြင်းနှင့် ကတ္တရာလမ်းအနိမ့်အမြင့် ဖြေညှိခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လမ်းအရှည်မှာ (၅.၅ဖာလုံ ၃၀၆ပေ) ရှိကြောင်း သိရသည်။

လှမင်းထွဋ် (ပြန်/ဆက်)