စဉ့်ကိုင်မြို့နယ်၌ မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် လူနေအိမ်များ ပြန်လည် တည်ဆောက်ပြုပြင်ရန်အတွက် ထောက်ပံ့ငွေများပေးအပ်

စဉ့်ကိုင် ဒီဇင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်း၊ လုံးဝပျက်စီးခဲ့သည့် ဝါးထရံကာ၊ တစ်ထပ်ပျဉ်ထောင်၊ နှစ်ထပ်ပျဉ်ထောင် လူနေအိမ်များ ပြန်လည်တည်ဆောက်ပြုပြင်ရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများပေးအပ်ပွဲ အခမ်းအနားကို ရန်အောင်မြင်ရပ်ကွက်၊ မြသီတာပန်းခြံအတွင်းရှိ မြို့နယ်ခန်းမ၌ ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ရာ မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဗိုလ်အောင်မောင်မောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ မြေငလျင်ဘေးသင့်ပြည်သူများ စုစုပေါင်းအင်အား ၂၂၇ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဗိုလ်အောင်မောင်မောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အတွင်းရှိ တစ်စိတ်တစ်ပိုင်း၊ လုံးဝပျက်စီးခဲ့သည့် ဝါးထရံကာ (၁၄၄)အိမ်၊ တစ်ထပ်ပျဉ်ထောင် (၃၀)အိမ်၊ နှစ်ထပ်ပျဉ်ထောင် (၂၆)အိမ်၊ စုစုပေါင်း လူနေအိမ် (၂၀၀)အိမ်အနက်မှ ဝါးထရံကာ (၂၄)အိမ်၊ တစ်ထပ်ပျဉ်ထောင် (၈)အိမ်၊ နှစ်ထပ်ပျဉ်ထောင် (၅)အိမ်၊ စုစုပေါင်း လူနေအိမ် (၃၇)အိမ်အား ကာယကံရှင်ပြည်သူများထံသို့ ထောက်ပံ့ငွေများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်စွာ(စဉ့်ကိုင်)