ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ကျင်းပ

ကျောက်ဆည် ဒီဇင်ဘာ ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် အမြဲမပြတ်လေ့လာသင်ယူရေးလှုပ်ရှားမှု စာဖတ်ဝိုင်းဆွေးနွေးခြင်းအဖြစ် စာရေးဆရာမ မစန္ဒာရေးသားသည့်“အရိပ်” စာအုပ်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက စာဖတ်ဝိုင်းများကျင်းပပြုလုပ်ခြင်းဖြင့် ကောင်းမွန်သည့် စာကောင်းပေကောင်းများ ရွေးချယ်ဖတ်ရှုနိုင်ခြင်း၊ အမျိုးဂုဏ်ဇာတိဂုဏ်၊ ယဉ်ကျေးမှုထုံးထမ်းစဉ်လာများသိရှိနိုင်ခြင်း၊ သမိုင်းမှသင်ခန်းစာများရရှိခြင်းစသည့်အကျိုးကျေးဇူးများရရှိကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ဦးစီးအရာရှိ ဒေါ်သီတာအောင်က ဆရာမမစန္ဒာ၏ဘဝစာပေမှတ်တမ်းများအကြောင်း၊ စာပေဘဝဖြတ်သန်းမှုများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍  တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ဒုတိယဦးစီးမှူး ဒေါ်သီတာခိုင်နှင့် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ဇွန်ထက်ဦးတို့က အရိပ်စာအုပ်မှ ဇာတ်လမ်းအကျဉ်းနှင့် ဇာတ်ကောင်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ တက်ရောက်လာသည့် ဝန်ထမ်းများမှ စာအုပ်ပါအကြောင်းအရာများကို ပူးပေါင်းပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စဉ့်ကိုင်၊ တံတားဦး၊ မြစ်သားမြို့နယ်ရုံးများမှ ဦးစီးအရာရှိ၊ ဒုတိယဦးစီးမှူး၊ ဓာတ်ပုံကျွမ်းကျင်-၂၊ စာကြည့်တိုက်လက်ထောက်-၃ ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

စုစုအေး(ကျောက်ဆည်)