မချမ်းဘော ဒီဇင်ဘာ ၂၃
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊မချမ်းဘောမြို့တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက်၁၈နှစ်ပြည့်ပြီးမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့်မဆုံးရှုံးစေရန် မဲဆန္ဒရှင်စာရင်းမှန်ကန်စေရေး မဲစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းကို ဒီဇင်ဘာလ ၂၂ ရက် နံနက် ၁၀ နါရီက မချမ်းဘောမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မချမ်းဘောမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအဂျွန်ရှင်းက မကြာမီကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မချမ်းဘောမြို့နယ်ရှိမဲဆန္ဒရှင်များအားလုံး အခက်အခဲမရှိ မဲပေးခွင့်ရရှိရေးအတွက် ယခုလိုမဲစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းများ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် မဲစာရင်းပါအချက်အလက်များ ကွဲလွဲမှုမရှိစေရေး ဂရုပြုစစ်ဆေးသင့်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါမဲစာရင်းစစ်ဆေးရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးဦးတူးဂျာ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဉာဏ်လင်းထက်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဦးစီးအရာရှိ ဦးမိုးအောင်၊ လွှတ်တော်ကိုယ်စားလှယ်များက မဲစာရင်းပါ မဲဆန္ဒရှင်စာရင်းမှန်ကန်မှုရှိမရှိ၊ အချက်အလက်များမှန်ကန်မှုရှိမရှိတို့ကို တိုက်ဆိုင်စစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ယောရွှေနီ (မချမ်းဘော)