နမ္မတူမြို့နယ်တွင် မွေးကင်းစမှ အသက် (၁) နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံခြင်း ဆောင်ရွက်

နမ္မတူ ဇန်နဝါရီ ၃

နမ္မတူမြို့နယ်တွင် မွေးကင်းစမှ အသက် (၁) နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံခြင်းကို ယနေ့ နံနက် (၉) နာရီအချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲ ခရိုင်၊ နမ္မတူမြို့နယ်၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့သည်။

ထို့သို့ ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံခြင်း ဆောင်ရွက်ရာတွင် နမ္မတူမြို့နယ် မိခင်နှင့် ကလေး ကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်နန်းမိုဟွမ်နှင့် ကျန်းမာရေး ဝန်ထမ်းများက မွေးကင်းစမှ အသက် (၁)နှစ်ခွဲအရွယ် ကလေးငယ်များအား အသက်အရွယ်အလိုက် ဘီစီဂျီ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (ရိုတာ)၊ ပိုလီယို၊  ပြင်းထန်အဆုတ်ရောင် (ပီစီဗီ)၊ ဝက်သက်၊ ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင်၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ (ဘီ)-ဦးနှောက် အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး) စသည့်ရောဂါကာကွယ်ဆေးများကို တိုက်ကျွေးထိုးနှံ ပေးပြီး၊ ကလေး ငယ်များအား ကိုယ်အလေးချိန်တိုင်းပေးခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်းများကို လစဉ်လဆန်း (၂)ရက်နေ့နှင့် (၃)ရက်နေ့တို့တွင် ဆောင်ရွက်ပေးလျက် ရှိကြောင်း အမျိုးသမီး ကျန်းမာရေးဆရာမ ဒေါ်နန်းမိုဟွမ်ထံက သိရှိရပါသည်။          

လူမော် (ပြန်/ဆက်)