ချောင်းသာမြို့၌ ကိုယ်ဝန်ဆောင် မိခင်များနှင့် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်း ဆောင်ရွက်

ချောင်းသာ   ဇန်နဝါရီ   ၃

ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးများအား ပုံမှန်ကာကွယ် ဆေးထိုးနှံ ပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၂)ရပ်ကွက်ရှိ တိုက်နယ် ကျန်းမာရေး ဌာနနှင့် ကြက်ခြေနီရုံးတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

"ကျွန်မတို့ ကျေးလက်ကျန်းမာရေးဌာနအနေနဲ့ အဆိုပါဆေးထိုးနှံပေးခြင်းကို ကလေးမွေးစမှ တစ်နှစ်ခွဲ အတွင်း ဆေးထိုးပေးပါတယ်၊ မွေးစမှ ၂ လအကြာမှာဆိုရင် ပြင်းထန်အဆုတ်ရောင် (ပီစီဗီ) ဆေးထိုးပေးတယ်၊ ပိုလီယိုကာကွယ်ဆေးတိုက်ပါတယ်၊ ၂၀၂၀ ခုနှစ်မှာ ပြင်းထန် ဝမ်းပျက် ဝမ်းလျှော ရောဂါ(ရိုတာ) ဆိုပြီးတော့ တစ်ဗူးလုံးတိုက်တယ်၊ ပိုလီယိုကာကွယ်ဆေးကို ပါးစပ်ကနေ အစက်၂ စက်ချတယ်၊ ရရှိလာမယ့်အကျိုး ကျေးဇူးများကတော့ အသည်းရောင်အသားဝါရောဂါ၊ ဂျပန်ဦးနှောက်ရောင်​ရောဂါ၊ ဝက်သက်ရောဂါ မဖြစ် စေရန် ကလေးမွေးစမှ တစ်နှစ်ခွဲအတွင်း ထိုးပေးတယ်၊ မွေးစမှာတစ်ခါ၊ ၂ လမှတစ်ကြိမ်၊ ၄ လမှာတစ်ခါ ထိုးပါတယ်၊ ခြောက်လမှာ တစ်ခါ၊ ကလေးကိုးလမှာ တစ်ကြိမ်၊ တစ်နှစ်ခွဲမှာ တစ်ကြိမ်ထိုးတယ်။ အခုဆိုရင် HPV (သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး) ထိုးတယ်၊ သားအိမ်ခေါင်းကာကွယ်ဆေးသည် အသက်ကိုးနှစ်နဲ့ ဆယ်နှစ် (အမျိုးသမီးသီးသန့်) ထိုးပေးပါတယ်" ဟု ဒေါ်ရွှန်းပြည့်ပြည့်သန့် (သားဖွားဆရာမ) ကပြောပါသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးပေးခြင်း  အစီအစဉ်ကို ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလမှစပြီး လစဉ် အခမဲ့ထိုးနှံ ပေးလျက်ရှိ​ကြောင်း သိရှိရပါသည်။

ချောင်းသာ(ပြန်/ဆက်)