ပုသိမ် ဇန်ဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အမှတ် ၁၅ နယ်မြေ ပုသိမ် - ရန်ကုန် ကားလမ်းနဘေးရှိ ရွှေဝတ်မှုံတွင် ဧရာဝတီ တိုင်းဒေသကြီးလွတ်တော် အဆောက်အဦကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့က စတင်၍ ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပပြုလုပ်ခဲ့ပြီး အပြီးသတ်တည်ဆောက် ခဲ့ရာ အဆောက်အဦသစ်ဖွင့်ပွဲကို ၂၀၂၁ ခုနှစ် ဇန်ဝါရီလ ၈ ရက်နေ့တွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ရန် အပြီးသတ် တည်ဆောက်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆောက်အဦ၏ မြေနေရာအကျယ်အဝန်းမှာ (၁၂.၆၇ )ဧကမျှကျယ်ဝန်းပြီး၊ နိုင်ငံတော်အစိုးရ၏ ခွင့်ပြုရန်ပုံငွေကျပ် (၅.၇၉)ဘီလီယံကျပ် အကုန်အကျခံ တည်ဆောက်ခြင်းဖြစ်သည်။ အဆောက်အဦ အကျယ်အဝန်းမှာ (၇၃၄၅၅) စတုရန်းပေရှိကာ Amenity Design Group ၏ ဒီဇိုင်းကို Golden Gate ln"l Develop Co. /Ltd. တို့မှ တာဝန်ယူတည်ဆောက်ခြင်း ဖြစ်ကြောင်း သိရသည်။ တိုင်းဒေသကြီးလွှတ်တော်တွင် ပင်မအဆောက်အဦကြီးအပြင်၊ ပြည်တွင်း၊ ပြည်ပ ဧည့်သည်တော်ကြီးများ ခေတ္တနားနေဆောင်၊ ဧည့်သည်တော်များနှင့်လက်ခံတွေ့ဆုံရန် အသံလုံခန်း၊ အစည်းဝေးခန်းမကြီးနှင့် အခန်းငယ်များ၊ လွတ်တော်တွင် ဖွဲ့စည်းထားသော ရေးရာ ကော်မတီရုံး ခန်းများ၊ ကိုယ်စားလှယ်များ တည်းခိုဆောင်၊ အခမ်းအနားနှင့်ကျွေးမွေးဧည့်ခံပွဲများ ပြုလုပ်နိုင်ရန် ဟောခန်း၊ ဧရာဝတီတိုင်းမှ ထူးချွန်ထင်ရှား ခဲ့သော ပုဂ္ဂိုလ်များ၏ အမည်စာရင်းနှင့်မှတ်တမ်းများ ထားရှိရာစာကြည့်တိုက်စသော အခန်းများအပြင်၊ သတင်း မီဒီယာများအတွက် အခန်း များကိုပါ ထည့်သွင်းထားရှိကြောင်းသိရသည်။ အဆိုပါအဆောက်အဦသစ်ကြီးကို လာမည့် ဇန်နဝါရီလ ၈ ရက်နေ့တွင် ဖွင့်လှစ်သွားနိုင်ရေးအတွက် သတင်းမီဒီယာများကို ယမန်နေ့ နံနက် ၁၀ နာရီက ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်မှ တွေ့ဆုံခဲ့ပြီး လွှတ်တော်ကြီး တည်ဆောက်ပြီးစီး မှုအခြေအနေများနှင့်ပြင်ဆင်ထားရှိမှုများကို ရှင်းလင်းပြောကြားပြီး၊ အခန်းများ ပြင်ဆင်ထားမှုများကို လွှတ်တော် ဒုတိယဥက္ကဌနှင့်တာဝန်ရှိသူများက မီဒီယာအဖွဲ့များအား လိုက်လံ ရှင်းလင်း ပြသခဲ့ကြပါသည်။
မြင့်ဟန် (ပုသိမ်ခရိုင်၊ ပြန်/ဆက်)