ညောင်ရွှေ ဇန်နဝါရီ ၃
အင်းလေးကန်ဘေးမဲ့တော ဧရိယာအတွင်း ရေတိမ်ဒေသကြီးများဖြစ်သည့် အင်းလေးကန်၊ စကားအင်းနှင့် မိုးဗြဲဆည်တို့တွင် ဆောင်းခိုငှက်အပါအဝင် ငှက်မျိုးစိတ်ပေါင်း သုံးရာကျော် ကျက်စားလျက်ရှိကြောင်း အင်းလေးကန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
အင်းလေးကန်ဘေးမဲ့တောအတွင်း ဒီဇင်ဘာလအထိ ရေပျော်ငှက် မျိုးစိတ် ၉၇ မျိုး၊ သစ်တော ငှက်မျိုးစိတ် ၂၆၅ မျိုး၊ စုစုပေါင်း ငှက်မျိုးစိတ် ၃၆၂ မျိုး ကျက်စားလျက်ရှိကြောင်း၊ မိုင်ထောင်ချီ ခရီးမှ လည်ပတ်သွားလာ နေသော ဆောင်းခိုငှက်များသည်လည်း အင်းလေးကန် ဘေးမဲ့ တောအတွင်းသို့ ဆောင်းခိုရန်နှစ်စဉ်ရောက်ရှိ ကြပြီး ဒေသတွင်းအမြဲနေထိုင်လျက်ရှိသည့် ဌာနေငှက်များနှင့်အတူ နေထိုင်လျက်စားလျက်ရှိကြောင်း သိရ သည်။
အင်းလေးကန်သည် ဒေသရင်းဇီဝမျိုးစုံ မျိုးကွဲများကြွယ်ဝခြင်း၊ ထူးခြားသည့် ဘာသာရေး၊ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်း အမွေအနှစ်များကြောင့် အာဆီယံအမွေအနှစ်ဥယျာဉ်၊ လူသားနှင့် ဇီဝ အဝန်းနယ်မြေအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသည်။
နေမျိုးသူရိန်