မူဆယ်မြို့၊ နယ်စပ်ဒေသမှတစ်ဆင့် တရုတ်နိုင်ငံဘက်သို့ သစ်သီးတင်ပို့မှု အရောင်းအဝယ် ပြန်လည်စတင်

မူဆယ် ဇန်နဝါရီ ၃

တရုတ်နိုင်ငံ၊ ဝမ်တိန်မြို့၊ ကားဝန်းထဲ၌ ထောင်ချီသောင်တင်ပိတ်မိနေသော ခါလီယာဉ်များပြန်လည် ထွက်လာနိုင်ခြင်းကြောင့် မူဆယ်မြို့၊ နယ်စပ်ဒေသမှတစ်ဆင့် တရုတ်နိုင်ငံ၊ ဝမ်တိန်ဘက်သို့ သစ်သီးတင်ပို့ရောင်းဝယ်မှုကို (၃)ရက်ယာယီရပ်တန့်ခဲ့ရာ ယနေ့မှ စတင်ပြီး တင်ပို့ ရောင်းဝယ်မှု အား ပုံမှန်အတိုင်းပြန်လည်စတင်ခဲ့ပြီဖြစ်ကြောင်း မူဆယ်မြို့၊ (၁၀၅)မိုင်သစ်သီးအေးဂျင့် မိသားစု ထံမှ သိရသည်။

တရုတ်နိုင်ငံ၊ ဝမ်တိန်ကားဝန်းထဲ၌ ခါလီယာဉ်များပိတ်မိနေသည့် အတောအတွင်းကာလတွင် ပြည်တွင်းဘက်ရှိ ခါလီယာဉ် ငှားရမ်းမှုသည် ယခင်ပုံမှန်ဈေးနှုန်းထက်တစ်ဆမြင့်တက်နေသလို သစ်သီးတင်ပို့နိုင်ရန် ခါလီယာဉ်ရှာဖွေမှုခက်ခဲလာမှုတို့ကြောင့် သစ်သီးတင်ပို့မှုအရောင်းအဝယ် ယာယီ ရပ်တန့်နေခြင်းဖြစ်သည်။ ပိတ်မိနေသည့် ခါလီယာဉ်များကို အမြန်ဆုံး ပြန်ထွက် လာနိုင်ရန် မူဆယ်မြို့၊ နယ်စပ်ဒေသ၊ အာဏာပိုင်များက တရုတ်နိုင်ငံ၊ နယ်စပ်ဒေသအာဏာပိုင်များထံ တောင်းဆိုဆွေးနွေးမှု များပြုလုပ်ပြီးနောက် ခါလီယာဉ်များပြန်လည် ထွက်လာနိုင်သည်။ လက်ရှိ တွင် ပိတ်မိနေသည့် ခါလီယာဉ်များတစ်ရက်လျှင် အစီးရေစုစုပေါင်း(၄၀၀)ကျော် ပြန်ထွက်လာ နိုင်ခြင်း ကြောင့် ခါလီယာဉ်အကုန်လုံးနီးပါပြန်ထွက်လာနိုင်ပြီဖြစ်ကြောင်းသိရသည်။

အရောင်းအဝယ်ပြန်လည်စတင်သည့် ဇန်နဝါရီလ(၃)ရက်နေ့တွင် မြန်မာ-တရုတ်နှစ်နိုင်ငံ အဝင်/အထွက် ဂိတ်၊ ကျင်စန်းကျော့ ဂိတ်မှ တစ်ဆင့် သစ်သီးယာဉ်စုစုပေါင်း(၃၀၀)စီးခန့် တင်ပို့နိုင်ခဲ့ ကြောင်းသိရသည်။ “အခုတော့ အဆင်ပြေသွားပါပြီ၊ ဝမ်တိန် ကားဝန်းထဲက ခါလီယာဉ်တွေ ကုန်သလောက်ဖြစ်နေပါပြီ၊ ဒီနေ့နံနက်ပိုင်းမှာ သစ်သီးယာဉ်စုစုပေါင်း(၁၈၁)ယာဉ်နှင့် နေ့ခင်းပိုင်း မှာ (၁၃၀)ယာဉ်တို့ကို တစ်ဖက်နိုင်ငံဘက်သို့ တင်ပို့နိုင်ခဲ့ပါတယ်၊ သစ်သစ်အရောင်းအဝယ်နဲ့ ပတ်သက်ပြီး ခန့်မှန်းရောင်းလို အားနှင့် ဝယ်လိုအားညီမျှနေမယ်ဆိုရင် ဈေးတက်လာဖို့ မျှော်လင့်ပါ တယ်”လို့ (၁၀၅)မိုင်၊ သစ်သီးအေးဂျင့်အဖွဲ့ဝင်ဦးစိုးခိုင်က ပြောကြားသည်။

သစ်သီးအရောင်းအဝယ်ပြန်လည်စတင်ပြီးနောက် ခါလီယာဉ်များပြန်လည်မပိတ်မိစေရန်အတွက် နှစ်ဖက်တာဝန်ရှိ သူများ ဆွေးနွေးတိုင်ပင်ထားကြောင်းသိရပြီး ကုန်ချပြီးသည့် ခါလီယာဉ်များ အနေဖြင့်လည်း တရုတ်နိုင်ငံ၊ ဝမ်တိန်မြို့သို့ ဝင်ရောက် သွားသည့် စီနီယာအတိုင်းစနစ်တစ်ကျ စီတန်း၍ ပြန်လည်ထွက်လာကြရန်လိုအပ်ကြောင်း သိရသည်။

“ပြီးခဲ့တဲ့အပတ်က ခါလီယာဉ်တွေ ပိတ်မိနေပြီး သစ်သီးအရောင်းအဝယ်ရပ်တန့်ခဲ့ရပါတယ်၊ နောက်ထပ်ခါလီယာဉ်တွေ ထပ်မပိတ်မိဖို့အတွက် နယ်စပ်ဒေသ၊ တာဝန်ရှိအာဏာပိုင်တွေနဲ့ တရုတ်နိုင်ငံဘက်က တာဝန်ရှိသူတွေ နှစ်ဖက်ဆွေးနွေး ညှိနှိုင်းတိုင်ပင်ခဲ့ကြပါတယ်၊ ဒါ့ပြင် ဒီဘက်က စီနီယာအတိုင်းဝင်ရောက်သွားတဲ့ သစ်သီးပို့ကုန်ယာဉ်အနေနဲ့ ကုန်ချပြီးနောက် ဝမ်တိန်ကွင်း ဘက်မှာ စီနီယာအတိုင်းစနစ်တစ်ကျ စီတန်းပြီးတော့ သူ့စီနီယာယာဉ်အတိုင်းပြန်ထွက်လာမယ် ဆိုရင်တော့ ပိတ်မိ တဲ့ကိစ္စမျိုးလည်း မဖြစ်တော့ဘူးပေါ့”လို့ မူဆယ်မြို့၊ (၁၀၅)မိုင်သစ်သီး အေးဂျင့်မိသားစုအသင်းမှ ဒုဥက္ကဋ္ဌဒေါ်အေးဇင်မြင့်က ပြောသည်။

လက်ရှိအချိန်၌ သစ်သီးဈေးနှုန်းသည် မတည်မငြိမ်ဖြစ်နေပြီး အလျင်ရောင်းဝယ်လိုခြင်းနှင့်အတူ အရည်အသွေးမပြည့်မီသည့် သစ်သီးတင်ပို့မှုများပြားလာခြင်းကြောင့် ဈေးနှုန်းကျဆင်းခဲ့သလို သစ်သီးဈေးနှုန်းကောင်းရရှိနိုင်ရန်အတွက် သစ်သီးတောင်သူ များအနေဖြင့် အရည်အသွေး ပြည့်မီသည့် သစ်သီးများကို ဦးစားပေးတင်ပို့ကြရန်လိုအပ်ကြောင်း သစ်သီးကုန်သည်များ၏ ပြောကြား ချက်အရသိရသည်။

ဆလိုင်းဗန်ရိုးထန်