မိုင်းဆတ်မြို့၌ ခရိုင်နှင့်မြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးဆောက်လုပ်မည့် မြေနေရာအား မြေသန့်ခြင်းနှင့် ပန္နက်တင် မင်္ဂလာအခမ်းအနား ကျင်းပ

မိုင်းဆတ် ဇန်နဝါရီ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ခရိုင်နှင့်မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး ဆောက်လုပ်မည့် မြေနေရာအား မြေသန့်ခြင်းနှင့် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယမန်နေ့နံနက်(၈)နာရီခွဲက ဝိန်းနေရပ်ကွက်ရှိ ကော်မရှင်အဖွဲ့ခွဲရုံးဆောက်လုပ်မည့် မြေနေရာတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ အဆောက်အအုံဆောက်လုပ်မည့် မြေနေရာအား မြေနုတ်ကမ္မဝါစာများ ရွတ်ဖတ်ပူဇော်ပြီး ဓါတ်စွမ်းဟုန်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္ဒရေဝတထံမှ ငါးပါးသီလဆောက်တည်ခံယူကာ သံဃာတော် အရှင်သူမြတ်များက ရတနသုတ်၊ မေတ္တာသုတ်၊ ပရိတ်တရားတော်များကို ရွတ်ဖတ်ပူဇော်၍ ရေစက်ချတရား နာယူခဲ့ကြသည်။

ထို့နောက် ခရို်ငရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ရန်နိုင်ထွန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေး၊ ခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးစိုင်းတူး၊ အတွင်းရေးမှူး ဦးမောင်ချို၊ အဖွဲ့ဝင် ဦးသန်းဇော်ဦးနှင့် တာဝန်ရှိသူတို့က သတ်မှတ်နေရာများတွင် ပန္နက်ငုတ်များရိုက်ခဲ့ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းခဲ့ကြသည်။

အဆိုပါ ခရိုင်နှင့်မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးအဆောက်အဦအား (၂၀၂၀-၂၀၂၁)ဘဏ္ဍာနှစ် နိုင်ငံတော် ခွင့်ပြုရန်ပုံငွေကျပ် (၂၃၀.၄၄၆)သန်းဖြင့် အလျား(၇၀)ပေ၊ အနံ(၄၄)ပေ၊ အမြင့်(၂၄)ပေ RC နှစ်ထပ် အဆောက်အဦးအား တင်ဒါအောင်မြင်သည့် တင်မြင့်ရီကုမ္ပဏီမှ ယခုဘဏ္ဍာနှစ်တွင် အပြီးတည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)