လွိုင်လင်မြို့၌ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူထုစက်ဘီးစီးနင်းပွဲကျင်းပ

လွိုင်လင် ဇန်နဝါရီ၄

ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့၌ ၂၀၂၁ ခုနှစ် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်  ဆောင်းရာသီ လူထု စက်ဘီး စီးနင်းပွဲကို   Nansang – Loilem – Pinlong (NLP bike cycling association)အသင်းမှကြီးမှူး၍ ယနေ့ နံနက်(၈)နာရီ က မြို့မဈေးကြီးရှေ့  နာရီစင်တွင် ကျင်းပကြောင်း သိရသည်။

အစီအစဉ်အရ လွိုင်လင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က အဖွင့်အမှာစကားပြောကြားပြီးနောက် ဆောင်းရာသီ လူထု စက်ဘီးစီးနင်းပွဲကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ယင်းနောက် (NLP bike cycling association) အသင်းလွိုင်လင်မြို့နယ်တာဝန်ခံ တစ်ဦးမှ အသင်းဖြစ်ပေါ်လာပုံနှင့် ကျေးဇူးတင် စကားပြောကြားကာ အချက်ပေးတီစီမှုတ်၍ စက်ဘီးများစီးနင်း တာထွက်ကြသည်။

ယင်းသို့တာထွက်ရာတွင် နာရီစင်ရှေ့မင်းလမ်းမှ လွိုင်လင်-တောင်ကြီး ပြည်ထောင်စုလမ်းမကြီးသို့ လည်းကောင်း၊ ယင်းနောက် သုခလမ်းမှတစ်ဆင့် ဘုရင့်နောင်လမ်း၊ ထိုမှတစ်ဆင့် မွေတော်ကျောင်းလမ်း ၊ယင်းနောက် နမ့်စန်-တောင်ကြီးပြည်ထောင်စု လမ်းမှ တစ်ဆင့် မင်းလမ်းကြီးတွင် ပြန်လည်ဝင်ရောက်ကြကြောင်းသိရသည်။

အဆိုပါ စက်ဘီးစီးနင်းပြွတွင် လွိုင်လင်၊ နမ့်စန်၊ ပင်လုံတို့မှ စက်ဘီးချစ်သူများအဖွဲ့နှင့် လွိုင်လင်မြို့ရှိ ကျောင်းသား လူငယ်များ လည်း ပျော်ပျော်ပါးပါး ပါဝင်ဆင်နွဲကြကြောင်းသိရသည်။

မိုးလွင်ဦး(လွိုင်လင်)