ကျွန်းစု ဇန်နဝါရီ ၄
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် အလှူရှင်များ လှူဒါန်းငွေများဖြင့် ဆောက်လုပ် ထားသော ကပကျေးရွာအုပ်စု၊ ကပကျေးရွာရှိ “မျိုးဆက်ရဲ့လမ်းပြကြယ်” စာကြည့်တိုက်ကို ယနေ့ နံနက်(၉)နာရီ အချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲတွင် ကပကျေးရွာဘုန်းတော်ကြီးထံမှ ငါးပါးသီလကို တက်ရောက်လာသော ဧည့်ပရိတ်သတ်များက ခံယူဆောက်တည်ခဲ့ ကြကာ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်မြတ်ထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ် စာကြည့်တိုက်များကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဌေး က အမှာစကားပြောကြားခဲ့သည်။
“ကျနော်က စာဖတ်တာကို ကြိုက်တဲ့သူ တစ်ယောက်ပါ၊ ကျနော်တို့ ကပကျေးရွာကို စာဖတ်ခြင်းဖြင့် ပိုမိုဖွံ့ဖြိုး တိုးတက်စေချင်လို့ စာကြည့်တိုက်ကို မတည်၍ ထူထောင်ပေးရခြင်း ဖြစ်တယ်” ဟု စာကြည့်တိုက် ဖြစ်မြောက်ရေးအတွက် မတည်အလှူရှင် ဦးတင်လတ် က ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးမှူး ဒေါ်အေးသန္တာဖြိုးက စာကြည့်တိုက်ရှိမှသာ စာဖတ်ခြင်း ၏ အကျိုးကျေးဇူး ကို ခံစားရမှာဖြစ်ပြီး စာဖတ်ရှိန်မြှင့်တင်ဖို့အတွက် ရပ်/ရွာအတွင်း စည်းရုံးပေးဖို့ လိုအပ်ကြောင်း၊ စာကြည့်တိုက်မှူးကို စာအုပ်များ ပျက်စီး၊ ပျောက်ပျက်သွားတာမျိုး မရှိအောင် သင်ကြားပြသပေးသွားမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီး မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်းအဖွဲ့ဝင် ဒေါ်ကြူကြူက စာကြည့်တိုက်ရေရှည် တည်တံ့ဖို့အတွက် ဒေသခံများက ထိန်းသိမ်းပေးရန်၊ စာဖတ်သူများပြားအောင််နှင့် လစဉ်စာအုပ်များ ရရှိအောင်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းနှင့် ရန်ပုံငွေ ရရှိရေးအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများကို ရှင်းလင်း ပြောကြားခဲ့သည်။
စာကြည့်တိုက်အတွက် အလှူတော်ငွေများနှင့် သုတ၊ ရသ စာအုပ်များအား တာဝန်ရှိသူများနှင့် စေတနာရှင် အလှူရှင်များက ပေးအပ်ခဲ့ရာ ကျေးရွာတာဝန်ခံများက လက်ခံရယူခဲ့ပြီး ကပကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ စာကြည့်တိုက်တွင် သုတ/ရသ စာအုပ်မျိုးစုံရှိ၍ ဒေသခံများက အသင်းဝင်ကတ်များပြုလုပ်ပြီး မည်သူမဆို ငှားရမ်းဖတ်ရှု နိုင်ပြီဖြစ်ကြောင်း၊ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ မွန်းလွဲ(၁)နာရီ မှ ညနေ(၅)နာရီထိ စာကြည့်တိုက်ကို ဖွင့်လှစ် ငှားရမ်းပေးမည်ဖြစ်ပြီး စာကြည့်တိုက် စတင်ဖွင့်သည့်အချိန်တွင် စာဖတ်အရှိန်မြှင့်တင်ရေး အတွက် ဆွဲဆောင်မှုတစ်ခု ပြုလုပ် သွားမည်ဖြစ်ကြောင်း ဦးမြင့်လွင်ထံမှ သိရသည်။
စည်သူရအောင်(ကျွန်းစု)