မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်စီးဆင်းမှု၌ အဓိကအသုံးပြုသည့် နယ်စပ်ဂိတ်အဝင်/အထွက်ဂိတ် (မန့်ဝိန်းဂိတ်)ကို (၂၄)နာရီအချိန် တိုးမြှင့်ဖွင့်လှစ်မည်

မူဆယ်   ဇန်နဝါရီ  ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မြန်မာ-တရုတ်နှစ်နိုင်ငံကုန်စည်စီးဆင်းမှုတွင် အဓိကအသုံပြုသော နှစ်နိုင်ငံအဝင်/အထွက်ဂိတ် ဖြစ်သည့် မူဆယ်မြို့၊ မန့်ဝိန်းဂိတ်ကို စမ်းသပ်ကာလ(၁၀)ရက်အဖြစ် ဇန်နဝါရီလ(၅)ရက်နေ့မှ (၁၄)ရက်နေ့အထိ လက်ရှိဖွင့်လှစ် ကာလထက် (၂၄)နာရီအချိန် တိုးမြှင့်ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း မူဆယ်မြို့၊ (၁၀၅)မိုင်၊ နယ်စပ်ကုန်သွယ်ရေးဌာနမှ သိရသည်။

နယ်စပ်ဂိတ်တစ်ချို့ကို အချိန်တိုးမြှင့်ဖွင့်လှစ်နိုင်ရေးအတွက် ဇန်နဝါရီလ(၂)ရက်နေ့တွင် မြန်မာနိုင်ငံ၊ နယ်စပ်တာဝန်ရှိသူများနှင့် တရုတ်နိုင်ငံ၊ နယ်စပ်တာဝန်ရှိသူတို့ နှစ်နိုင်ငံ၊ အဝင်/အထွက်ဂိတ်၊ နန်းတော်ဂိတ်တွင် အလွတ်သဘောတွေ့ဆုံ၍ အသေးစိတ် ဆွေးနွေး တိုင်ပင်ညှိနှိုင်းဆွေးနွေးတိုင်ပင်ခဲ့သည်။

“မန့်ဝိန်းဂိတ်ကို အချိန်တိုးမြှင့်ဖွင့်လှစ်ဖို့အတွက် တရုတ်နိုင်ငံ၊ နယ်စပ်တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆွေးနွေးပြီးပါပြီ၊ သူတို့ဘက် ကလည်း စီစဉ်ဆောင်ရွက်မှုတွေ အစီအစဉ်တစ်ကျဖြစ်နေပြီ၊ (၂၄)နာရီဖွင့်လှစ်သွားမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ဘက်လည်း ဌာနအလိုက်ဆောင်ရွက်ရမယ့် ကိစ္စတွေ အကုန်ညှိနှိုင်းပြီးသွားပါပြီ၊ ဒါကြောင့် (၁၀)ရက်တာ ကာလအတွင်းမှာ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေကြတဲ့ ကုန်တင်ယာဉ်တွေ အားလုံးအဆင်ပြေချောမွေ့သွားမယ်၊ အထူးသဖြင့် ပျော်ရွှင်ရမှာကတော့ ယာဉ်မောင်း တွေပါ၊ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းကြရတဲ့ အတွက် အင်မတန် ဒုက္ခကြီးပါတယ်၊ ကိုယ်ချင်းလည်းစာပါတယ်၊ နယ်စပ်ဂိတ်ကို အချိန်တိုးမြှင့်ဖွင့်လှစ်တာဟာ အားလုံးကြိုဆို ကြမယ်လို့ မျှော်လင့်ပါတယ်၊ (၂၀၂၁)ခုနှစ်၊ နှစ်သစ်မှာ ကုန်သွယ်စီးဆင်းမှုဟာ အများကြီး တိုးလာမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်”လို့ မူဆယ်မြို့၊ (၁၀၅)မိုင်၊ နယ်စပ်ကုန်သွယ်ရေးဌာနမှ တာဝန်ခံ ညွှန်ကြားရေးမှူး ဦးမင်းအောင်အေးက ပြောကြားသည်။

ကိုဗစ်-၁၉ကပ်ရောဂါဖြစ်ပွားသည့် ကာလဖြစ်သော်လည်း တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေး ရပ်တန့်မှု မရှိအောင် နည်းလမ်းမျိုးစုံဖြင့် တာဝန်ရှိသူများ၏ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မှုကြောင့် (၂၀၁၉-၂၀၂၀)ဘဏ္ဍာနှစ်အရ ဘဏ္ဍာနှစ်တစ်ခုလုံးပေါ်တွင် မူဆယ်မြို့၊ နယ်စပ်ဒေသကုန်သွယ်စီးဆင်းမှုကို (၉၈)ရာခိုင်နှုန်းအထိ ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

နယ်စပ်ဂိတ်တစ်ချို့ကို စမ်းသပ်ကာလ(၁၀)ရက်ကြာ အချိန်တိုးမြှင့်ဖွင့်လှစ်သော အချိန်ကာလအတောအတွင်း၌ တရုတ်နိုင်ငံ ဘက်သို့ ဝင်ရောက်နိုင်ရန် မူဆယ်မြို့၊ နယ်စပ်ဒေသ၌ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေကြသည့် ပို့ကုန်ယာဉ်များဝင်ရောက်မှုအပေါ် ပြန်လည် သုံးသပ်၍ တရုတ်နိုင်ငံ၊ တာဝန်ရှိသူများနှင့် ထပ်မံညှိနှိုင်းမှုများ ဆက်လက် ဆောင်ရွက်သွားမည်ဟု သိရသည်။

“ကျွန်တော်တို့ရဲ့ ပို့ကုန်ယာဉ်တွေ ထောင်ချီတန်းစီနေတဲ့အတွက် အထူးကာလအဖြစ် ဆောင်ရွက်ပေးတာပါ၊ (၁၀)ရက်တာ ကာလ အတွင်းမှာ တန်းစီနေတဲ့ ပို့ကုန်ယာဉ်တွေ မကုန်နိုင်သေးဘူးဆိုရင် နှစ်နိုင်ငံဆက်လက် ညှိနှိုင်းဆောင်ရွက်သွားဖို့ သဘောတူ ထားပါတယ်၊ နှစ်နိုင်ငံထပ်မံညှိနှိုင်းပြီးတော့ တစ်ပတ်တိုးဆက်ဖွင့်တာတွေ နှစ်နိုင်ငံညှိနှိုင်းမှုအရ ဖြစ်လာမှာပါ၊ ဒါပထမဦးဆုံး စမ်းသပ်တဲ့ ကာလပဲဖြစ်ပါတယ်”လို့ ဦးမင်းအောင်အေးက ဆက်လက် ပြောကြားသည်။

အလားတူ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ နှစ်နိုင်ငံအဝင်/အထွက်ဂိတ်၊ ကျင်စန်းကျော့ကိုလည်း လက်ရှိဖွင့်လှစ်သည့် မြန်မာစံတော်ချိန် နံနက်(၈)နာရီမှ ညနေ(၆)နာရီအချိန်ကာလထက် အချိန်တိုးမြှင့်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)