ချောင်းသာမြို့ ပင်လယ်ကမ်း​ခြေတွင် လေဖြန်း၍ သူငယ်ပြန်နေသူ အမျိုးသားတစ်ဦး ရေနစ်သေဆုံး

ချောင်းသာ ဇန်နဝါရီ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာကမ်းခြေတွင် လေဖြန်း၍ သူငယ်ပြန်နေသူ အမျိုးသားတစ်ဦး  ယမန်နေ့ မွန်းလွဲပိုင်း အချိန်က ရေနစ်သေဆုံးလျက်ရှိကြောင်း ချောင်းသာနယ်မြေ ရဲစခန်းမှ သိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ချောင်းသာနယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်သန်းဇော်ဦး၊ ရဲတပ်သား သိန်းသန်းဖြိုး ၊ အမှတ်(၂) ရပ်ကွက် ရာအိမ်မှူး ဦးမျိုးဇော်၊ ဦးကံရွှေ တို့နှင့်အတူ သွားရောက်စစ်ဆေးကြည့်ရှုရာ ချောင်းသာမြို့၊ အမှတ်(၂)ရပ်ကွက်တွင် နေထိုင်သော ဦးကျော်တင်(ခ)အဖိုးကြီး၊ အသက်(၇၀)နှစ်၊ လေဖြန်း၍ သူငယ်ပြန်နေသူသည် Amazing Hotel ရှေ့ ကမ်းခြေတွင် ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မတွေ့ရှိရဘဲ မှောက်လျက်အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသည်။

သို့ဖြစ်ပါ၍ သေဆုံးသူ ဦးကျော်တင် (ခ) အဖိုးကြီးသေဆုံးမှုနှင့် ပက်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် စုံစမ်း စစ်ဆေးလျက်ရှိကြောင်း ချောင်းသာနယ်မြေ ရဲစခန်းမှ ဒုတိယ ရဲအုပ် နှင်းအိခိုင်ထံမှသိရသည်။

ချောင်းသာ(ပြန်/ဆက်)