ရွှေကူ ဇန်နဝါရီ ၅
ကချင်ပြည်နယ်၊ ဗန်မော်ခရိုင်၊ ရွှေကူမြို့ အောက်လေးလမ်းဆုံ စုပေါင်းစစ်ဆေးရေးဂိတ်၌ ရောက်ရှိလာသည့် ကုန်တင်ယာဉ်(၆၂)စီးမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၁၁၅)ဦးအား မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ကျန်းမာရေး ဝန်ထမ်းများက ယမန်နေ့ နံနက် ၉ နာရီခွဲခန့်တွင် RDT(Rapid Antigen Diagnostic Test Kit)ဖြင့် ကိုဗစ်−၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ ၁၂ ဘီး ငှက်ပျောတင်ယာဉ်(၂)စီးမှ ယာဉ်မောင်း၊ ဆိပ်ဖြူမြို့နယ် ချောင်းမကြီးကျေးရွာနေသူ အမျိုးသား(၁)ဦး၊ ၎င်း၏ ယာဉ်နောက်လိုက်ဖြစ်သူ ကသာမြို့နယ် ပင်မလွတ် ကျေးရွာနေသူ အမျိုးသား (၁)ဦးနှင့် ဗန်းမော်မြို့ ခွန်သာရပ်ကွက်နေသူ ယာဉ်နောက်လိုက် အမျိုးသား(၁)ဦးထံတွင် ကိုဗစ်−၁၉ရောဂါ ပိုးစစ်ဆေး တွေ့ရှိခဲ့သည်။
ယင်းနောက် ရွှေကူမြို့နယ်ရှိ Facility Quarantine Centre တွင် အသွားအလာ ကန့်သတ်ထားရှိသူများ၏ ဓာတ်ခွဲနမူနာ (၈၅)ခုအား ပြည်နယ်ကျန်းမာရေး ဦးစီးဌာန မှတစ်ဆင့် မန္တလေးအမျိုးသား ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာ တွင် ကိုဗစ်−၁၉ရောဂါ ပိုးတွေ့အတည်ပြုလူနာ(၈)ဦး ထပ်မံတွေ့ရှိခဲ့သည်။
အဆိုပါ ကိုဗစ်−၁၉ရောဂါ ပိုးတွေ့အတည်ပြု လူနာသစ်(၁၁)ဦးအား ရွှေကူမြို့ လယ်ပြင်ကြီးရပ်ရှိ အိုးအိမ်ဦးစီးဌာနပိုင် ဝန်ထမ်းအိမ်ရာ တိုက်ခန်း(ယာယီဆေးကုသဆောင်)သို့ ပို့ဆောင်ထားရှိကာ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
ရွှေကူမြို့နယ်၌ ဇန်နဝါရီလ(၄)ရက်နေ့အထိ ကိုဗစ်−၁၉ရောဂါ ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း (၇၃)ဦး တွေ့ရှိခဲ့ပြီး (၅၁)ဦးမှာ ကျန်းမာရေးပုံမှန်အတိုင် ကောင်းမွန်ခဲ့သဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုပြီးဖြစ်ကြောင်း မြို့နယ် ကိုဗစ်−၁၉ရောဂါ ကြိုတင် ကာကွယ် ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီထံမှ သိရသည်။
ကျော်မျိုးအောင်(ပြန်/ဆက်)