တာလေ၌ နှစ်သစ်ကူးကာလ ရိုးရာယဉ်ကျေးမှုဓလေ့ လက်ဆေးမင်္ဂလာ ကျင်းပ

တာလေ    ဇန်နဝါရီ    ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် တာလေမြို့တွင် ၂၀၂၁ ခုနှစ် နှစ်သစ်ကူးကာလ ဒေသအတွင်းရှိ ကျေးရွာအချို့မှ လားဟူတိုင်းရင်းသားများသည် ရိုးရာယာဉ်ကျေးမှု ဓလေ့တစ်ခုဖြစ်သည့် လက်ဆေးမင်္ဂလာပြုခြင်းကို ဒေသအတွင်း လှည့်လည် ကျင်းပကြရာ ယမန်နေ့တွင်လည်း တာလေမြို့တွင်း၌ ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်ကူးပြောင်းသည့် နှစ်သစ်ကူးကာလတွင် သက်ကြီးဘိုးဘွား ၊ ဆရာသမားများနှင့် ဒေသအတွင်းရှိ ခေါင်းဆောင်အကြီးအကဲများအား နှစ်သစ်တွင် ကျန်းမာချမ်းသာခြင်းကို ရရှိစေလိုကြောင်း လားဟူတိုင်းရင်းသားများက အရို အသေဂါရဝပြုသည့် အနေဖြင့် ၎င်းတို့၏ ရိုးရာဓလေ့တစ်ခုဖြစ်သည့် လက်ဆေးခြင်းမင်္ဂလာကို ပြုခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ ကျင်းပရာတွင် လားဟူတိုင်းရင်းသားလူမျိုးများ၏ မူလပထမ ကိုးကွယ်ယုံကြည်မှု၊ ဘာသာသာသနာ ဖွံ့ဖြိုးတိုးတက် စေရန်၊ ၎င်းတို့၏ ယဉ်ကျေးမှု အမွေအနှစ်တစ်ခုဖြစ်သည့် လက်ဆေးမင်္ဂလာပြုခြင်း ရိုးရာဓလေ့ကို နောင်လာမျိုးဆက်သစ် လူငယ်မောင်မယ်များက မပျောက်မပျက်အောင် လက်ဆင့်ကမ်း ဆက်လက်ထိန်းသိမ်း တတ်စေရန်နှင့် လေးစားဂုဏ်ယူတတ် စေရန်၊ အနယ်နယ်အရပ်ရပ်သို့ ရောက်ရှိနေထိုင်ကြသည့် လားဟူတိုင်းရင်းသားများက တစ်နှစ်တစ်ကြိမ် ကျင်းပလျက်ရှိသည့် နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်ကူးပြောင်းသည့် နှစ်သစ်ကူးကာလတွင် သက်ကြီးဘိုးဘွား၊ ဆရာသမားများနှင့် ခေါင်းဆောင် အကြီးအကဲများအား နှစ်သစ်တွင် ကျန်းမာချမ်းသာခြင်းကို ရရှိစေလိုကြောင်း အရိုအသေ ဂါရဝပြုခြင်းနှင့် လက်ဆေးမင်္ဂလာ ပြုခြင်းကိုတွေ့ရှိစေပြီး မိမိတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့များကို တန်ဖိုးထားလေးစား ဂုဏ်ယူတတ်စေရန် ရည်ရွယ်၍ လှည့်လည် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

အောင်ကျော်မိုး (ပြန်/ဆက်)