မြန်အောင်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

မြန်အောင်  ဇန်နဝါရီ  

မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဦးဆောင်မှုဖြင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့နံနက်က မြန်အောင်မြို့ နေခြည်ဈေးရှေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဒုမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ် မီးသတ်ဦးစီးဌာန ဒုဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များ စုပေါင်း၍ နေခြည်ဈေးရှေ့ လူစည်ကားရာ နေရာတွင် ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် "လူသည်ရောင်းကုန်မဟုတ်ပါ'' လူကုန်ကူးမှုဖြစ်စဉ်များ၊ လူကုန်ကူး ခံရလျှင်ဖြစ်လာမည့် ဆိုးကျိုးများ၊ လူကုန်ကူးမှု ကိစ္စရပ်များတွေ့ရှိပါက အနီးဆုံးရဲတပ်ဖွဲ့စခန်းသို့ အကြောင်းကြားရန်နှင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ အရေးပေါ်ဖုန်းနံပါတ်များ၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပါ ပြစ်ဒဏ်များ အကြောင်း ပါဝင်ကြောင်း သိရသည်။

ဝင်းဗိုလ်မြန်အောင်