မန္တလေး ဇန်နဝါရီ ၅
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ အောင်မြေသာစံမြို့နယ်ရှိ ကိုဗစ် − ၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာများထားရှိသော စင်တာ(၄)နေရာသို့ ဘီစကစ်ဖာများ ပေးပို့လှူဒါန်းရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ကိုယ်စား အောင်မြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက အဆိုပါစင်တာရှိရာ နေရာများသို့ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
လှူဒါန်းမှုတွင် မန္တလေးတိုင်းရင်းဆေးရုံ စင်တာအတွက် (၃) ဖာ၊ အလုပ်သမားဆေးရုံကြီး စင်တာအတွက် (၅) ဖာ၊ ဇီဝိတသံဃဒါန အထူးကု ဆေးရုံကြီး စင်တာအတွက်(၃)ဖာ၊ ရွှေမန်း တောင်အားကစားကွင်း အနံ့ပျောက်စင်တာအတွက် (၁၅) ဖာတို့အား အောင်မြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်အောင်က တာဝန်ခံ ဆေးရုံအုပ်ကြီးများနှင့် စင်တာတာဝန်ခံများထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။
အဆိုပါဘီစကစ်များမှာ ဖလစ်ကီတံဆိပ် ဘီစကစ်များဖြစ်ပြီး တစ်ဖာလျင် မုန့်ထုပ် (၉၆) ထုပ်ပါရှိကာ စုစုပေါင်း (၂၆) ဖာတို့အား ပေးအပ် လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)