မော်လမြိုင်ကျွန်း ဇန်နဝါရီ ၅
မော်လမြိုင်ကျွန်း၌ ယနေ့နံနက် နံနက် ၈ နာရီအချိန်က မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ ပြန်ကြားရေးနှင့် လှုံ့ဆော်ရေးဆပ်ကော်မတီ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် Volunteer အဖွဲ့များမှ မြို့နယ် အတွင်းရှိပြည်သူများ နေအိမ်ပြင်ပသို့ထွက်ခွာပါက နှာခေါင်းစည်း (Mask) များ တပ်ဆင်မှု ရှိမရှိစစ်ဆေး၍ မတပ်ဆင်ထားသောသူများအား အခမဲ့ပေးဝေ တပ်ဆင်စေခြင်းနှင့် အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့သည်။
အဆိုပါ အသိပညာပေးခြင်း လုပ်ငန်းများကို နေ့စဉ်မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများ၊ ဈေးများ၊ လမ်းများ၌ စောင့်ကြပ် စစ်ဆေးခြင်းလုပ်ငန်းများ၊ လှုံ့ဆော်ခြင်းလုပ်ငန်းများအား အဖွဲ့အလိုက် အလှည့်ကျ အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် ယနေ့နံနက်ပိုင်းအချိန်အထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၄၉၂ ဦးရှိပြီး မြို့နယ်ကုတင် - ၁၀၀ ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသူ Positive လူနာ ၃၈ ဦးရှိကာ သေဆုံး လူနာ ၄ ဦးနှင့် ကျန်းမာရေးကောင်းမွန်စွာဖြင့် ဆေးရုံမှဆင်းသူ ၄၅၀ ဦးရှိပြီ ဖြစ်ပါသည်။
အောင်အောင်(ပြန်/ဆက်)