မိုင်းလုံ ဇန်နဝါရီ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများပူးပေါင်း၍ အီးအမ်ဖျော်ရည်သုံး မြေဆွေးပြုလုပ်ပုံအဆင့်ဆင့် သရုပ်ပြပွဲကို ဈေးရပ်ကွက်နေ ဦးထွေး၏ ခြံတွင် ယနေ့နံနက် ၁၁ နာရီအချိန်ခန့်က ပြုလုပ်ခဲ့ သည်။
သရုပ်ပြပွဲတွင် မိုင်းလုံမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စိုးစိုးအေးက ဦးဆောင်၍ အီးအမ်ဖျော်ရည်သုံး မြေဆွေး ပြုလုပ်နည်းတွင်လိုအပ်သောပစ္စည်းများ ကောက်ရိုး၊ အရွက်စိမ်း၊ အီးအမ်ဖော်ရည်၊ တင်လဲရည်၊ နွားချေး၊ ဖွဲတို့ဖြစ်ပြီး ၄င်းတို့ကို အသုံးပြု၍ (၆' × ၃'× ၃') အရွယ်ကျင်းပြုလုပ်ပြီး ကျင်းထဲသို့ ကောက်ရိုး (၆)လက်မအထူ၊ အီးအမ်ဖျော်ရည်နှင့် တင်လဲရည်(၁)ဆ ရေ(၉၈)ဆရောစပ်ပြီးဖျော်ရည်ကို (၃)ဂါလံခန့် နေရာအနှံ့ လောင်း၍ အရွက်စိမ်း၊ နွားချေး၊ဖွဲများကို နှံ့စပ်အောင်ထည့်ပြီး (၆)လက်မအထူရသည်အထိ ဖိသိပ်ပေးရသည်။
အထက်ပါအတိုင်း(၆)လွှာပုံ၍ (၃)ပေမြင့်သည်အထိပြုလုပ်ပေးကာ အပေါ်ကို မိုးကာနှင့် လေလုံအောင် ဖုံးထား၍ (၂)ပတ်ခန့် အကြာတွင် အထက်အောက်လှန် လေလုံအောင်ပြန်ဖုံးကာ (၁)လကျော်ခန့်အကြာတွင် အသုံးပြုနိုင်မည် ဖြစ်ကြောင်းကို လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့သည်။
ထို့နောက် ၎င်းမြေဆွေးကိုအသုံးပြုခြင်းဖြင့် မြေအစိုဓာတ်ကိုထိန်းသိမ်းပေးကြောင်း၊ မြေဆီလွှာကို ပိုမိုတိုးတက် ကောင်းမွန် စေပြီး အပင်ကြီးထွားရှင်သန်မှုအတွက် အာဟာရ ဓာတ်များ ရရှိကြောင်းကို ရှင်းလင်းပြောကြားပြီး သရုပ်ပြပွဲကို တောင်သူ ၁၅ ဦးနှင့် စိုက်ပျိုးရေးဝန်ထမ်း ၃ ဦးတို့ ပါဝင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဇော်ဇော်(ပြန်/ဆက်)