မိုင်းပန် ဇန်နဝါရီ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပ ဒေ များ ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် (၉) နာရီ အချိန်က အ.လ.က(ခွဲ)မြို့မတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီး၍ ကျင်းပခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်မှ အုပ်ချုပ်ရေးယန္တရား အဆင့်ဆင့် အကြောင်း၊ အုပ်ချုပ်ရေးကဏ္ဍ အကြောင်းတို့အား ရှေးဦးစွာ ရှင်းလင်းပြောကြားပြီး ပြင်ဆင်သည့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများနှင့်ပတ်သက်၍ အသေးစိတ် ဆက်လက်ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် နံနက် (၁၀) နာရီအချိန်တွင် ခေတ္တနားပြီး သွေးပူလေ့ကျင့်ခန်း ပြုလုပ်ကြပြီး အဖွဲ့ (၃) ဖွဲ့ခွဲကာ အလုပ်ရုံဆွေးနွေးပွဲနှင့် ပတ်သက်၍ အခက်အခဲများ၊ ဖြေရှင်းမည့်နည်းလမ်းများ၊ အကြံပြုတင်ပြချက်များကို ဝိုင်း၀န်းဆွေးနွေးမှတ်သားစေခဲ့ကြောင်း သိရသည်။
ထိုသို့မှတ်သားပြီးနောက် ဆွေးနွေးချက်များအပေါ်မူတည်၍ အဖွဲ့(၃)ဖွဲ့မှ ကိုယ်စားလှယ် တစ်ဦးစီမှ ဦးဆောင်၍ တက်ရောက်လာ သူ များအား ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ မိုင်းပန်မြို့နယ်အတွင်းရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု စာရေး ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဆန်းမြင့်(ပြန်/ဆက်)