မိုင်းယောင်းတွင် ပြည်သူ့အကျိုးပြုလုပ်ငန်းများ၌အသုံးပြုနိုင်ရန် ကြက်ခြေနီသူနာပြုတပ်ဖွဲ့သို့ အလှူငွေ နှစ်သိန်းကျပ် လှူဒါန်း

မိုင်းယောင်း ဇန်နဝါရီ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ပြည်သူ့အကျိုးပြုလုပ်ငန်းများ၌ အသုံးပြုနိုင်ရန်အတွက် ကြက်ခြေနီသူနာပြုတပ်ဖွဲ့သို့ ယမန်နေ့က ဝမ်ဘိုးကျေးရွာအုပ်စုမှ ဦးစိုင်းသောင်းငွေက အလှူငွေနှစ်သိန်းကျပ်ကို သွားရောက် လှူဒါန်းရာ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဒုတိယတပ်ဖွဲ့မှူး ဦးမင်းမင်းလတ်က လက်ခံရယူပြီး ပါဝင်လှူဒါန်းမှုများအတွက် ကျေးဇူးတင်ကြောင်းနှင့် လှူဒါန်းငွေများကိုလည်း ပြည်သူ့အကျိုးပြုလုပ်ငန်းများ၌ ထည့်သွင်းအသုံးပြုသွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့သည် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးဌာန၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းကာ နှာခေါင်းစည်းတပ်ဆင်ရေး (Mask Campaign)လှုပ်ရှားမှုများ ဆောင်ရွက်ခြင်း၊ ဝေးလံသည့် ဒေသများသို့ သွားရောက်ကာ အသိပညာပေးခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များကို ဆော်ဩပေးခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်း၊ အသိပညာပေး တေးသီချင်းများ လှည့်လည်ဖွင့်လှစ်နှိုးဆော်ပေးခြင်း၊ အရေးပေါ်သွေးလိုအပ်မှု၌ သွေးအလှူရှင်များ ရှာဖွေပေးခြင်းနှင့် တပ်ဖွဲ့ဝင်များ ကိုယ်တိုင် ပါဝင်သွေးလှူဒါန်းခြင်း၊ ကိုဗစ်-၁၉ လူနာ ဆေးရုံဆင်းခွင့်ရသူ များနှင့် အရေးပေါ် လူနာများကိုလည်း အသင်းပိုင် လူနာတင်ယာဉ်ဖြင့် ကြို/ပို့သယ်ယူပေးခြင်း စသည့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ကို စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အားချာ