တီးတိန် ဇန်နဝါရီ ၅
တီးတိန်မြို့၌ ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် ဦးဆောင်၍ တီးတိန်မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ ည ၇ နာရီက တီးတိန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က အမှာစကားပြောကြားရာတွင် ကိုဗစ်- ၁၉ ကာလမှာ ကြုံတွေ့ရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများကို ဝိုင်းဝန်းဖြေရှင်းပေးရန် ချင်းပြည်နယ် အစိုးရကိုယ်စား လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ တွီးထန်ကျေးရွာတွင် ဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါအကြောင်းများ၊ စေတနာ့ဝန်ထမ်းများ၏ ဆောင်ရွက်မှု အခြေအနေများနှင့် ပြန်လည် အားထည့်ပြီး ပူးပေါင်းဆောင်ရွက်ကြရန်နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏အားကို အဓိကယူရမည် ဖြစ်ကြောင်းပြောကြားသည်။
ဆက်လက်၍ တီးတိန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှစိုးက တီးတိန်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေကို ရှင်းလင်းတင်ပြသည်။
ထို့နောက် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များနှင့် စေတနာ့ဝန်ထမ်းများ၏ ဆွေးနွေးတင်ပြချက်များကို လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူတို့က ပြန်လည်ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် ချင်းပြည်နယ်အစိုးရမှ ထောက်ပံ့သည့် တီးတိန်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအတွက် ထောက်ပံ့ငွေကျပ် (၁၀)သိန်းနှင့် စေတနာ့ဝန်ထမ်းများအတွက် ထောက်ပံ့ငွေ ကျပ် (၁၀)သိန်းကို လူမှုရေးဝန်ကြီးက တာဝန်ရှိသူများ ထံသို့ လွှဲပြောင်းပေးအပ်သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်၊ ဒုတိယပြည်နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာရန်နိုင်၊ တီးတိန်မြို့နယ်အဆင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းများနှင့် စေတနာ့ဝန်ထမ်းများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ပေါင်ကျင့်မုန်(ပြန်/ဆက်)