မိတ္ထီလာ ဇန်နဝါရီ ၅
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေ ကျပ်သန်း ၄၂၀ ကျော်ဖြင့် ကျေးလက်လမ်း (၆) လမ်းကို အဆင့်မြှင့် တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။
ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ ဒေသထွက်ကုန်များ သယ်ယူပို့ဆောင်ရာတွင် အဆင်ပြေစေရန် နှစ်စဉ် ဘဏ္ဍာရေးနှစ်အလိုက် လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ၊ ရေကျော်တည်ဆောက်ခြင်း လုပ်ငန်းများနှင့် တံတားတည်ဆောက်ခြင်း လုပ်ငန်း များ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေ ကျပ်သန်း ၄၂၆.၀၉ ဖြင့် ကတ္တရာလမ်း (၁)လမ်း၊ ကျောက်ချောလမ်း(၃)လမ်း၊ ဂျင်းမြေခင်းလမ်း(၂)လမ်းတို့ကို တင်ဒါအောင်မြင်သည့် ကုမ္ပဏီနှင့် ကျေးလက် လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ တာဝန်ယူပြီး ဒီဇင်ဘာလ စတုတ္ထအပတ်မှ စတင်၍ ဆောင်ရွက်လျက်ရှိသည်။
ယင်းသို့ဆောင်ရွက်ရာတွင် ရေဝေ-သဖန်းချောင်းလမ်းမှ ထနောင်းအိုင်-သဘွတ်ကုန်းလမ်း၊ ရေဝေ-သဖန်းချောင်းလမ်းမှ ညောင်အိုင်လမ်းနှင့် ခရိုင်ချင်းဆက်လမ်းမှ လက်ပံအိုင့်လမ်းတို့အား ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းများကို တင်ဒါအောင်မြင်သည့် မျိုးမြတ်မာန် ကုမ္ပဏီမှ တာဝန်ယူပြီး ဆောင်ရွက်လျက်ရှိသည်။ ၎င်းအပြင် နည်းပညာတက္ကသိုလ်အဝင်လမ်း ထပ်ပိုးလွှာ ခင်းပြုပြင်ခြင်းနှင့် ကတ္တရာခင်းခြင်း၊ ကုက္ကိုကုန်း-ရှမ်းတဲလမ်းနှင့် သာစည်လမ်းမှ ရွှေတောင်-ချောက်ပင်-ခင်လူးလမ်းတို့အား ဂျင်းမြေခင်းလုပ်ငန်းများကို ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ တာဝန်ယူပြီး ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်စမ်းစမ်းဝါထံမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)