ရွှေသောင်ယံ ဇန်နဝါရီ ၅
ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် တည်ဆောက်လျက်ရှိသော မီးသင်္ဂြိုလ်စက်တည်ဆောက်ရေးကော်မတီသို့ အနယ်နယ်အရပ်ရပ်မှ အလှူရှင်များ လာရောက်လှူဒါန်း လျက်ရှိကြရာ ယမန်နေ့ ညနေပိုင်းက မီးသင်္ဂြိုလ်စက် ဖြစ်မြောက်ရေး ကော်မတီသို့ ရွှေသောင်ယံမြို့ အမှတ်(၂)ရပ်ကွက်မှ ကွယ်လွန်သူ ဘိုးဘွားများဖြစ်ကြသော (ဦးထွန်းခင်၊ဇနီးဒေါ်ဂေါက်) (သမီးဒေါ်ကျင်ညို)နှင့် ကွယ်လွန်သူမိဘများဖြစ် သော (ဦးသန်းမောင်၊ ဒေါ်တင်လှ)တို့အား ရည်စူး၍ သား၊ သမီး၊ မြေး၊ မြစ်တစ်စုတို့မှ အလှူငွေကျပ် (၇၅)သိန်းကို ပေးအပ်လှူဒါန်းခဲ့ကြသည်။
အဆိုပါမီးသင်္ဂြိုလ်စက်ကို ရွှေသောင်ယံ၊ ဆိတ်ကြီး(၁၄)မိုင်(၆)ဖာလုံ ကားလမ်းဘေး ရွှေသောင်ယံမြို့ အမှတ်(၁)ရပ်ကွက်နှင့် (၆)ဖာလုံခန့်အကွာ တောင်ကုန်းပေါ်၌ တည်ဆောက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် လုပ်ငန်းများ စနစ်တကျ လည်ပတ်နိုင်ရန်အတွက် ရွှေသောင်ယံမြို့ ရပ်ကွက်(၁၊၂၊၃) အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ကော်မတီဖွဲ့စည်းကာ အလှူရှင်များမှ လှူဒါန်းငွေများကို စနစ်တကျ စီမံခန့်ခွဲဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ကိုကိုမောင်(ပြန်/ဆက်)