ကျုံပျော်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းအတွက် ကိုရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသော ဆန်အိတ်များကို Quarantine Centre များသို့ လွှဲပြောင်းပေးအပ်

ကျုံပျော်  ဇန်နဝါရီ 

ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ကိုရီးယားသမ္မတနိုင်ငံမှ လှူဒါန်းသော ဆန်အိတ်များကို Quarantine Centre များသို့ လွှဲပြောင်းပေးအပ်ခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ဧရာမင်းခန်းမ၌ ယနေ့နံနက် ၁၁ နာရီက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက လှူဒါန်းရရှိမှုနှင့် ထပ်မံခွဲဝေလှူဒါန်းပေးသည့် အစီအစဉ်များနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

ထို့နောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးအောင်နိုင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် မန်းဂျော်နီနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးတို့က Quarantine Centre ထားရှိရာ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံသို့ ဆန်အိတ်များကို အသီးသီး လွှဲပြောင်း ပေးအပ်ခဲ့ကြသည်။

ယခုကိုရီးယားသမ္မတနိုင်ငံမှ ကျုံပျော်မြို့နယ်အတွက် လှူဒါန်းရရှိသည့် ဆန်အိတ် စုစုပေါင်း (၉၀) အိတ်ဖြစ်ပြီး၊ ကျုံပျော်မြို့၊ အထောင်မြို့၊ သောင်ကြီး ကျေးရွာနှင့် ရှားခဲ ကျေးရွာများရှိ Quarantine Centre များတွင် အသွားအလာ ကန့်သတ်ထားရှိသူ (၄၈၀)ဦးတို့ထံသို့ ခွဲဝေပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။

နေဝင်းမြင့်(ပြန်/ဆက်)