တံတားဦး ဇန်နဝါရီ ၅
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့နယ်တွင် ကလေးငယ်များ ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် ရည်ရွယ်ပြီး လစဉ် ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက် ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၈)နာရီက အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက အသက် (၂) နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများဖြစ်သော ဆုံစို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီပိုး၊ ဦးနှောက်အမြှေးရောင်၊ (၅)မျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုအကြောသေ၊ ဝက်သက်၊ ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင်ရောဂါ (၁၁)မျိုး အပြင် ပြင်းထန် ဝမ်းပျက်ဝမ်းလျှော ဖြစ်စေတက်သော (Rota) ကာကွယ်ဆေးကိုပါ တိုက်ကျွေးကြောင်းနှင့် ကလေးငယ်များအား ပေါင်ချိန်၍ ကိုယ်အလေးချိန် မှတ်တမ်းရယူခြင်း၊ ကိုယ်ဝန်ဆောင် မိခင်လောင်းများအား မေးခိုင်၊ ဆုံစို့နာ ကာကွယ်ဆေးထိုးပေးခြင်းတို့ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ထို့အပြင် ကိုယ်ဝန်ဆောင်မိခင်လောင်းများနှင့် ကလေးမိခင်များကို ကျန်းမာရေးနှင့် ပတ်သက် သည့် အသိပညာပေးခြင်းလုပ်ငန်းများ၊ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို လစဉ် လဆန်း (၁) ရက်နေ့မှ စတင်၍ ကျေးလက်ကျန်းမာရေးဌာန၊ ကျေးလက်ကျန်းမာရေး ဌာနခွဲ များနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု စုရပ်များတွင် ထိုးနှံ၊ တိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။
ရဲတင့်(တံတားဦး-ပြန်/ဆက်)