ကျေးသီးမြို့တွင် မွေးကင်းစမှအသက်(၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ၊ တိုက်ကျွေး

ကျေးသီး ဇန်နဝါရီ   ၅

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံခြင်းကို ယနေ့နံနက် (၉)နာရီအချိန်ခန့် က မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံ ဆောင်ရွက်ရာတွင် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ အမျိုးသမီးကျန်းမာရေး ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက မွေးကင်းစမှ အသက် (၁)နှစ်ခွဲအရွယ် ကလေးငယ်များအား အသက်အရွယ်အလိုက် ဘီစီဂျီ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (ရိုတာ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ)၊ ဝက်သက်၊ ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင်၊ ဆုံဆို့−ကြက်ညှာ−မေးခိုင်−အသည်းရောင်အသားဝါ(ဘီ)−ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာ ကွယ်ဆေးများ) စသည့်ရောဂါ ကာကွယ်ဆေးများကို တိုက်ကျွေးထိုးနှံပေးပြီး၊ ကလေးငယ်များအား ကိုယ်အလေးချိန်တိုင်းပေးခြင်း၊ ကျန်းမာရေးစစ်ဆေး ပေးခြင်းများကို  ဆောင်ရွက်ပေး လျက်ရှိကြောင်း အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်သီသီနိုင်ထံမှ သိရသည်။

သဲစုပိုင်(ပြန်/ဆက်)