မိုင်းလုံမြို့တွင် မွေးကင်းစမှ အသက် (၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံခြင်း ဆောင်ရွက်

မိုင်းလုံ  ဇန်နဝါရီ ၅

မွေးကင်းစမှ အသက် (၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ် အချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့၊ တိုက်နယ်ကျန်းမာရေးဌာနတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့သည်။ 

ထို့သို့ ပုံမှန်ကာကွယ်ဆေး တိုက်ကျွေးထိုးနှံခြင်း ဆောင်ရွက်ရာတွင် တိုက်နယ်ကျန်းမာရေးဌာနမှ သားဖွားဆရာမနှင့် ကျန်းမာရေး ဝန်ထမ်းများက မွေးကင်းစမှ အသက် (၁)နှစ်ခွဲအရွယ် ကလေးငယ်များအား အသက်အရွယ်အလိုက် ဘီစီဂျီ၊ ပြင်းထန်အဆုပ်ရောင်၊ ဆုံဆို့ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ ကာကွယ်ဆေး၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ် ကာကွယ်ရေး)၊ ဝက်သက်နှင့် ဂျိုက်သိုးရောဂါကာကွယ်ဆေး၊ ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေး ထိုးနှံခြင်း၊ ပိုလီယိုကာကွယ်ဆေး၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (ရိုတာ) ကာကွယ်ဆေးတိုက်ကျွေးပေးပြီး၊ ကလေးငယ်များအား ကိုယ်အလေးချိန်တိုင်းပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများနှင့် ကိုယ်ဝန်ဆောင်မိခင်များကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါကြောင့် ကလေးတစ်ဦးလျှင် အုပ်ထိန်းသူ မိဘတစ်ဦးသာလာရန်၊ နှာခေါင်းစည်း (Mask)များ တပ်ဆင်လာကြရန် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ မှတစ်ဆင့် အကြောင်းကြားကာ ဆောင်ရွက်ခဲ့ကြောင်း၊ ကာကွယ်ဆေးထိုးနှံရာတွင် လူစုလူဝေး မဖြစ်စေရေးအတွက် ရပ်ကွက်(၆)ရပ်ကွက်ကို တစ်ဝက်ခွဲ၍ လစဉ် (၅)ရက်နေ့နှင့် (၆)ရက်နေ့များတွင် ထိုးနှံပေးမည်ဖြစ်ကြောင်းကို မိုင်းလုံမြို့ တိုက်နယ်ကျန်းမာရေးဌာနမှ သိရသည်။

ဇော်ဇော်(ပြန်/ဆက်)