ကျောင်းကုန်း ဇန်နဝါရီ ၅
ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ မိုးမခအုပ်စု၊ ကွင်းဝစုကျေးရွာတွင် နေထိုင်ပြီး၊ နာတာရှည် အဆုတ်ရောင်ရောဂါနှင့် နှလုံးရောဂါ ခံစားနေရသူအသက် (၇၂) နှစ်အရွယ် အဖွားအိုတစ်ဦးသည် လွန်ခဲ့သော (၃) ရက်ခန့်က စတင်ဖျားနာကာ ယနေ့နံနက်ပိုင်းတွင် မောကျပ်၍ အိမ်တွင် သေဆုံးသွားခဲ့ကြောင်း၊ သေဆုံးမှုကိုသံသယရှိ၍ စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း၊ သေဆုံးသူ အတည်ပြုလူနာအား ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ချက်ချင်းသင်္ဂြိုလ်ပြီးစီးပါကြောင်း ကျန်းမာရေးဌာနက သိရသည်။
အဆိုပါ အသက် (၇၂) နှစ်အရွယ် အဖွားအို၏ မြေး(၂)ဦးမှာ သန်လျင်မြို့နယ်တွင် နေထိုင်ပြီး အဖွားကို လွန်ခဲ့သော (၁၅) ရက်ခန့်က လာရောက်တွေ့ဆုံထားကြောင်း၊ လူနာနှင့်တွေ့ပြီးမှ Quarantine ဝင်သွားကြောင်း၊ စုံစမ်းသိရှိရသဖြင့် အတည်ပြုလူနာ အလောင်းအား စစ်ဆေးကြည့်ရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရကြောင်း၊ အဖွားအို၏ညီမအား ဆက်လက် စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိရသဖြင့် ၎င်းအတည်ပြုလူနာအား Plan C ယာယီဆေးရုံ အိုးအိမ်ဝန်ထမ်း အိမ်ယာ၌ထားရှိကာ ကျန်းမာရေးစောင့်ရှောက်မှု ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအေးနိုင်က ပြောသည်။
ကျောင်းကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ တည်ပြုလူနာ စုစုပေါင်း (၇၀) ဦးတွင် ပထမဆုံးသေဆုံးသူ ဖြစ်ကြောင်းနှင့် ဧရာဝတီ တိုင်းဒေသကြီးတွင် (၄၂) ဦးမြောက် သေဆုံးသူလူနာဖြစ်ကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)