မြန်အောင်၌ မြေတိုင်းတာခြင်းနှင့်မြေစာရင်းသင်တန်းအမှတ်စဉ် (တိုင်းဒေသကြီး /ပြည်နယ်-၂) သင်တန်းဖွင့်လှစ်

မြန်အောင်  ဇန်နဝါရီ  ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်းအင်းဦးစီးဌာန အစည်းအဝေးခန်း၌ မြေတိုင်းတာခြင်းနှင့်မြေစာရင်း သင်တန်းအမှတ်စဉ် (တိုင်းဒေသကြီး /ပြည်နယ်-၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၅ ရက်နံနက် ၉ နာရီက အဆိုပါရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ ဧရာဝတီ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဝင်းမြင့်က သင်တန်းဖွင့် အမှာစကားပြောကြားပြီး သင်တန်း တာဝန်ရှိသူများက သင်တန်းတွင် ပို့ချမည့် ဘာသာရပ်များ၊ သင်တန်းသားများ လိုက်နာဆောင်ရွက်ရန် လိုအပ်သည်များနှင့် ပတ်သက်၍ ရှင်းလင်းမှာကြားသည်။

ထို့နောက် တိုင်းဒေသကြီးဦးစီးမှူးက သင်တန်းသားများအတွက် ကိုဗစ် ၁၉ ရောဂါကြိုတင် ကာကွယ်ရေး သုံးပစ္စည်းများကို ပေးအပ်ရာသင်တန်းသားတစ်ဦးက လက်ခံရယူခဲ့သည်။

အဆိုပါသင်တန်းသို့ မြန်အောင်မြို့နယ်နှင့် ကြံခင်းမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုနှင့် စာရင်း အင်းဦးစီးဌာနတို့တွင် တာဝန်ထမ်းဆောင်ကြမည့် မြေတိုင်း ၅ ဝန်ထမ်း ၂၃ ဦးတက်ရောက် လျက်ရှိပြီး သင်တန်းကာလမှာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်မှ ဖေဖော်ဝါရီ ၄ ရက်နေ့အထိ တစ်လကြာ စာတွေ့ လက်တွေ့သင်ကြား ပို့ချပေးသွား မည်ဖြစ်ကြောင်းသိရသည်။

အဆိုပါသင်တန်းမှာ လုပ်ငန်းခွင်ဝင်ရောက်ကြမည့် မြေတိုင်း-၅ ဝန်ထမ်းတိုင်း ရန်ကုန်မြို့ တိုက်ကြီးရှိ ဗဟိုမြေစာရင်းဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေးသင်တန်းကျောင်းတွင် တက်ရောက် ရသည့် သင်တန်းဖြစ်ပြီး ကိုဗစ် ၁၉ ကူးစက်ရောဂါဖြစ်ပွားနေ့သည့်ကာလဖြစ်သဖြင့် အဆိုပါ သင်တန်းမှ သင်ကြားပို့ချသည့် သင်ရိုးနည်းစနစ်များအတိုင်း တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် နေရာခွဲ၍ စာတွေ့လက်တွေ့ (၁)လသင်တန်း ပို့ချပေးခြင်းဖြစ်ပြီး၊ ဧရာဝတီတိုင်းဒေသကြီးတွင် ပုသိမ်၊ ဟင်္သာတနှင့် မြန်အောင်မြို့နယ်တို့တွင် (၃)နေရာခွဲ၍ တစ်ပြိုင်တည်း ဖွင့်လှစ်ပို့ချပေးခြင်း ဖြစ်သည်။ ယခုသင်တန်းတက်ရောက်ပြီးသည့် သင်တန်းသားများမှာ ဗဟိုသင်တန်းကျောင်းတွင် မွမ်းမံသင်တန်းကို(၂)လသာ ပြန်လည်တက်ရောက်ကြရမည်ဖြစ်ကြောင်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုနှင့် စာရင်းအင်း ဦးစီးမှူး ဦးထွန်းထွန်းဝင်း ထံမှသိရသည်။

ထွန်းဇော်ထွန်း(ပြန်/ဆက်)