ဇလွန် ဇန်နဝါရီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် စာရေးဆရာအသင်း၏ တတိယအကြိမ်မြောက် နှစ်ပတ်လည် မျက်နှာစုံညီ အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီအချိန်ခန့်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ( Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဇလွန်မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့် (မောင်ပြေငြိမ်း-ဇလွန်) က မြို့နယ်စာရေးဆရာ အသင်းတွင် အသင်းဝင်များ တိုးတက်လာပြီး ဇလွန်မြို့နယ် စာရေးဆရာ အသင်းသားများ အနေဖြင့် အကျင့်သီလ ပြည့်စုံအောင် ကြိုးစားကြရန် လိုအပ်ကြောင်း၊ စုစုစည်းစည်း ညီညီညွှတ်ညွှတ်ဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ အသင်းပုံရိပ် မြင့်မားလာအောင် စွမ်းဆောင်စေလိုကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ်စာရေးဆရာအသင်းမှ အတွင်းရေးမှူး ဦးရွှေသောင်း (ဇလွန်ကိုရွှေစိန်ဆင့်)က မြို့နယ် စာရေးဆရာအသင်းမှ တင်သွင်းသည့် နှစ်ပတ်လည် အစီရင်ခံစာကို ဖတ်ကြားခဲ့ပြီး တက်ရောက်လာသည့် စာရေးဆရာ အသင်းဝင်များက သိလိုမှုပြောလိုမှုများကို ပြန်လည်ဆွေးနွေး တင်ပြခဲ့ကြပြီး ဇလွန်မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့် (မောင်ပြေငြိမ်း-ဇလွန်)က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး အခမ်းအနားကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝေယံ-ဇလွန်(ပြန်/ဆက်)