နမ့်စန်(တ) ဇန်နဝါရီ ၅
ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊ နမ့်စန်မြို့နယ်တွင် ဆောင်းသီးနှံအဖြစ် နေကြာနှင့်ပဲပုတ်သီးနှံ သီးညှပ်စံပြကွက် အောင်မြင်ဖြစ်ထွန်းစွာစိုက်ပျိုးနိုင်ကြောင်းနှင့် နည်းစနစ် မှန်ကန်စွာစိုက်ပျိုးနိုင်ရေး ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၈ နာရီခွဲက ဝမ်ပုံကျေးရွာအုပ်စု ၊ ဝမ်ပုံ ကျေးရွာရှိ တောင်သူ ဦးမောင်ငွေ၏ လယ်ကွက် တွင် ဆောင်ရွက်ခဲ့ရာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နန်းစောမြ ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြသိန်း နှင့် ဝန်ထမ်းများ ၊ ဖိတ်ကြားထားသော တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းသရုပ်ပြပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမြသိန်းက တောင်သူများအနေဖြင့် ဆောင်းရာသီတွင်လည်း မျိုးကောင်းမျိုးသန့်များ အသုံးပြုပြီး စိုက်နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေများရရှိစေရန်ရည်ရွယ်၍ ကွင်းသရုပ်ပြပွဲကို ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပြီး စိုက်ပျိုးရေးဝန်ထမ်းများက တောင်သူများအား နေကြာသီးနှံနှင့် ပဲပုတ်သီးနှံ စိုက်ပျိုးနည်း အသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေ ပေးခဲ့ကြသည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးမြသိန်းနှင့် ဝန်ထမ်းများက နေကြာ (ရေဆင်းစပ်မျိုး-၁)နှင့် ပဲပုတ်(ရေဆင်း-၁၅) မျိုးတို့အား သီးညှပ်အဖြစ် လက်တွေ့ စိုက်ပျိုးပြခဲ့ပြီး တောင်သူများက ကြည့်ရှုအားပေးကာ သိလိုသည်များ မေးမြန်းဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)